ပုလဲမြို့တိုက်ပွဲအတွင်း ဒေသခံတချို့ထိခိုက်သေဆုံး​​​​​​​

ပုလဲမြို့နယ်ကျေးရွာတချို့ စစ်ဘေးရှောင်နေရတဲ့မြင်ကွင်း ယခင်မှတ်တမ်းဓာတ်ပုံ။

စစ်ကိုင်းတိုင်း ပုလဲမြို့က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေသလို ဘေးလွတ်ရာ တိမ်းရှောင်သူတွေလည်း ရှိနေပါတယ်။ ရန်ကုန်ကသတင်းပေးပို့ထားတဲ့ စစ်ရေးတင်းမာနေတဲ့ ပုလဲမြို့နောက်ဆုံးအခြေအနေ တွေကို အခြေခံပြီး ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ထွေအုပ်ရုံးကို ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းကစလို့ ဝင်ရောက်တိုက်ခိုက်နေပါတယ်။ နိုဝင်ဘာ ၁၂ ရက် ဒီကနေ့ မနက်ပိုင်းအထိ မြို့ပေါ်မှာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်နေသလို ယင်းမာပင်မြို့နယ်ကနေ စစ်ကူပို့ဖို့ကြိုးစားနေတာပါ။

ပုလဲမြို့ တိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

"၁၁ ရက် ၃ နာရီခွဲကစလို့ ပုလဲမြို့ကို မြို့သိမ်းစီစဉ်ပြီးတော့ တိုက်နေတာပေါ့။ အခုလောလောဆယ် ပုလဲမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီလွှမ်းမိုးမှုရှိတဲ့ အထွေထွေ အုပ်ချုပ်ဦးစီးဌာနနဲ့ မြို့မရဲစခန်းကို ဗဟိုပြုပြီး ဝင်တိုက်နေတာ။ အခုလက်ရှိမြို့ပေါ်က အခြေအနေကတော့ မနေ့ညကလည်း သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်နေတာ မနက်လင်းတဲ့အထိတိုက်နေတာ။ မနက် ၈ နာရီ ၁၀ မိနစ်က လေကြောင်းက တိုက်ခိုက်မှု ၃ ကြိမ်လုပ်သွားတယ်။ မနေ့ကလည်းလေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိတော့ လေကြောင်း လာရောက်ကူညီရချင်းဖြစ်တယ်။ သိမ်းတော့သိမ်းမရသေးဘူး။ အင်အားနည်းပေမယ့် သူတို့ရဲ့ ဘန်ကာတွေ အားကောင်းတဲ့အခါမှာ လုပ်လို့မရသေးဘူးဖြစ်နေတာပေါ့။ ယင်းမာပင်က ရဲနဲ့စခအင်အား ၅၀ လောက်က ပုလဲမြို့ကို လာဖို့ရာ ကား ၃ စီး ပြင်ထားတယ်။"

စစ်တပ်ရဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူတွေထဲ အသက် ၁၅ နှစ်အရွယ်ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။ လက်ရှိ မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆက်ပြောပါတယ်။

"အဲ့အချိန် လေကြောင်းပစ်ခတ်မှုကြောင့် ကျနော်တို့ ပြည်သူဘက်ကကျဆုံးမှုအနေနဲ့က ကိုကျော်ဆန်း ကတော့ပွဲချင်းပြီးသေဆုံးသွားတယ်ခင်ဗျ။ သူတို့က လက်ရှိ လျှပ်စစ်ရုံးရဲ့အရှေ့ဘက်မှာနေတာ သူ့အိမ်မှာ တည့်ကျပြီးတော့ သူကသေဆုံးတယ်။ သူ့မိန်းမက ခေါင်းထိခိုက်မှုဒဏ်ရာ ပြင်းပြင်းထန်ထန် နဲ့ ကုသမှုခံယူနေဆဲပေါ့။ နောက်ခါ ၁၅ နှစ်အရွယ် ကလေးတယောက်ကတော့ ဘယ်လိုထိခိုက်တယ် မသိဘူး။ မနေ့က သေဆုံးသွားတယ်။ မြို့ပေါ်ပြည်သူတော်တော်များများ အားလုံးကတော့ ဘေးရောက်ပြီး တိမ်းရှောင်နေရတယ်။ ကျနော်တို့ အားလုံး ဝိုင်းဝန်းဆွေးနွေးပြီး နေတာတွေ စားတာတွေ အားလုံး အကုန်စီစဉ်ထားပါတယ်။"

ပုလဲမြို့ပေါ် ဒေသခံတွေအပြင် ပုလဲမြို့အနီးက အလယ်ဘုံ၊ မြကုန်း ရိုး ၊ညောင်ကုန်း စတဲ့ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ပုလဲမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာကို ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ ဝင်ရောက်တိုက်ခိုက် ပစ်ခတ်တာတွေ ရှိပေမယ့် အခုခါမှာတော့ မြို့သိမ်းတိုက်ပွဲအဖြစ်ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းစတဲ့မြန်မာနိုင်ငံအလယ်ပိုင်းက တိုက်ပွဲတွေကြား အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာသာဖြစ်တယ်လို့ သတင်းထုတ်ပြန်လေ့ရှိပါတယ်။

Your browser doesn’t support HTML5

ပုလဲမြို့တိုက်ပွဲအတွင်း ဒေသခံတချို့ထိခိုက်သေဆုံး