စစ်တပ်ကျူးလွန်မှု ဖော်ထုတ်ဖို့ ကန်အကျိုးဆောင်သံအမတ်ကြီး ထိုင်းသွားမည်

ယခင်မှတ်တမ်းရုပ်ပုံ | ကိုလံဘီယာနိုင်ငံ Bogota မြို့ သတင်းစာရှင်းလင်းပွဲတခုမှာတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုရရှိရေး (Global Criminal Justice) ဌာနရဲ့ အကျိုးဆောင် သံအမတ်ကြီး Beth Van Shaack (မေ ၄၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့အကြမ်းဖက်မှုတွေအတွင်း ထိခိုက်ခဲ့သူတွေအတွက် တရားမျှတမှုရရှိစေဖို့ နဲ့ တာဝန်ခံမှုရှိစေဖို့ကိစ္စတွေကို ဆွေးနွေးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုရရှိရေး (Global Criminal Justice) ဌာနရဲ့ အကျိုးဆောင် သံအမတ်ကြီး Beth Van Shaack ဟာ ထိုင်း နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

သံအမတ်ကြီး Van Schaack ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အောက်တိုဘာ ၄ ရက်ကနေ ၇ ရက်နေ့အထိ သွားရောက်မှာဖြစ်ပြီး၊ အဲဒီမှာရှိတဲ့ ထိုင်အစိုးရတာဝန်ရှိသူတွေ အပါအဝင် လူထုအခြေပြုလူမှုအဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူတွေနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာဖြစ်းခဲ့တဲ့ ရက်စက်တဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့နဲ့ အဲဒီအကြမ်းဖက်မှုတွေကနေ လွတ်မြောက်လာသူတွေနဲ့ အတူရပ်တည်ပြီး ၊ တရားမျှတမှုရရှိဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာကို အကျိုးဆောင် သံအမတ်ကြီး Van Schaack က ထပ်လောင်း ပြောကြားသွားမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ရဲ့ ဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိရှိ နဲ့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေကို မြန်မာစစ်ကောင်စီအနေနဲ့ ဖန်တီးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး တောင်းဆိုသွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

၂၀၂၁ ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသူဦးရေဟာ ၅၇၀၀ ကျော် နဲ့ ဖမ်းဆီးခံရသူ ၂၇၀၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေနဲ့ လပိုင်းတွေအတွင်းမှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုးနဲ့ သီပေါ အပါအဝင် တခြားနေရာတွေ အတော်များများမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် နေအိမ်အဆောက်အအုံတွေ ကျောင်းတွေ၊ ဈေးတွေ ထိခိုက်ပျက်စီးတာအပါအဝင် လူသေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

Your browser doesn’t support HTML5

စစ်တပ်ကျူးလွန်မှု ဖော်ထုတ်ဖို့ ကန်အကျိုးဆောင်သံအမတ်ကြီး ထိုင်းသွားမည်