အင်္ဂါနေ့က ကျင်းပတဲ့အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန်ပြည်သူတွေ သက်ဝင် ယုံကြည်တဲ့ ဒီမိုကရေစီစနစ်အားနည်းသွားအောင် ရုရှားအနေနဲ့အနှောင့်အယှက်ပေးတယ်လို့ ယူဆကြောင်း ရွေးကောက်ပွဲလုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။
မဲပေးသူတွေ စိုးရိမ်ထိတ်လန့်ပြီး အထင်အမြင်လွဲမှားအောင် ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြောက်လှန့်မှု တွေအပါအဝင် လုပ်ကြံဖန်တီးထားတဲ့ ဗွီဒီယိုတွေ၊ လူမှုကွန်ယက်မှာ ရေးသားဖြန့်ဝေတာတွေကို ၅ ပြည်နယ်နဲ့မနည်းမှာ လုပ်ခဲ့တယ်လို့ ဆိုက်ဘာအင်တာနက်နဲ့ အခြေခံအဆောက်အဦးဆိုင်ရာ လုံခြုံရေးအေဂျင်စီ CISA တာဝန်ရှိသူတွေကပြောပါတယ်။
ရွေးကောက်ပွဲနေ့မှာ မဲရုံတွေကို ဗုံးခွဲတိုက်ခိုက်မယ်လို့ ဆိုးဆိုးဝါးဝါးခြိမ်းခြောက်ခံရတဲ့ ပြည်နယ်တွေထဲ ဂျော်ဂျီယာ၊ မစ်ရှီဂန်၊ ဝစ်ကွန်ဆင်၊ ပင်ဆယ်ဗေးနီးယား၊ အရီဇိုးနား ပြည်နယ်တွေပါဝင်ပြီး ဂျော်ဂျီယာ ပြည်နယ်မှာ အနည်းဆုံးမဲရုံ ၃၂ ရုံကို ဗုံးခွဲတိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်ခံရကြောင်း ပြည်နယ်တာဝန်ရှိသူတွေကပြောပါတယ်။
ခြိမ်းခြောက်မှုတွေရဲ့အများစုဟာ ရုရှားအီးမေးစနစ်ကနေ မူလအခြေခံထွက်ပေါ်လာတာလို့ အမေရိကန် FBIပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုက ပြောပါတယ်။ ရုရှားတာဝန်ရှိသူတွေကတော့ အမေရိကန်ရဲ့စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
Your browser doesn’t support HTML5