ရခိုင်နဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ရသူ ၉,၆ဝဝ နီးပါးရှိ (UNOCHA)
{{Zawgyi/Unicode}}
ရခိုင်ပြည်နယ်က မြို့အတော်များများနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့တွေမှာ မကြာသေးခင်က စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် (AA) တို့အကြား တင်းမာမှုတွေ ကြီးထွားလာနေရာက နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၉,၆၀၀ နီးပါး ရှိခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
"ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းမှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်နေတာကြောင့် အရပ်သားတွေအပေါ် ထိခိုက်မှုတွေအတွက် အကူအညီပေးရေး ဝန်ထမ်းတွေ အလွန်အမင်း စိုးရိမ်နေကြပါတယ်။" လို့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stéphane Dujarric ပြောခဲ့တာပါ။
ဇွန်လကစ ၂ ဖက် တပ်တွေကြား မကြာခဏ တိုက်ခိုက်မှုတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေပါဝင်သလို စစ်ကောင်စီတပ်တွေဖက်က လေကြောင်းကပါ တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA) ရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၀ နိုဝင်ဘာလကတည်းက စစ်တပ်နဲ့ AA အဖွဲ့တို့အကြား ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူထားပြီးမှ အခုအခါ တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတာပါ။ ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်းတော၊ မြောက်ဦးမြို့တွေနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ တွေမှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သြဂုတ်လဆန်းကစ ပလက်ဝ တောင်ပိုင်း အပါအဝင်၊ ကုလားတန်မြစ်ကြောင်းတလျှောက်၊ ကျောက်တော် ၊ စမီး ၊ ပလက်ဝ လမ်းနားမှာ တိုက်ပွဲတွေ ပြင်းထန်နေကာ လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲတာတွေနဲ့ တပ်တွေ ရွှေ့ပြောင်းနေရာ ချထားမှုတွေရှိတယ်လို့လည်း ဆိုပါတယ်။
စက်တင်ဘာ ၅ ရက် အထိ ရရှိတဲ့ အချက်အလက်တွေအရ တိုက်ပွဲတွေကြောင့် လူ ၉,၆၀၀ နီးပါး နေရပ်စွန့်ခဲ့ရပြီး၊ အရင်ကဒုက္ခသည်တွေနဲ့ပါဆိုရင် ၈၄,၀၀၀ နီးပါး ရှိသွားပြီလို့လည်း ပြောပါတယ်။ တိုက်ပွဲတွေကြောင့် အဓိက ကုန်းလမ်းမကြီးတွေနဲ့ ရေလမ်းကြောင်း ပိတ်ဆို့မှုတွေအတွက်ကြောင့် ဒေသခံတွေ သွားရေးလာရေး အခက်အခဲရှိပြီး ဒုက္ခသည်တွေကို အကူအညီပေးနိုင်ရေးလည်း အခက်အခဲရှိနေတာပါ။
စားနပ်ရိက္ခာအကူအညီနဲ့ ဆေးဝါးတွေလည်း ကုန်လုနီးပါး ဖြစ်နေတာကြောင့် အကူအညီပေးရေး ရန်ပုံငွေလည်း လိုအပ်နေတဲ့အကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။
Your browser doesn’t support HTML5
....................................................................................
{{Zawgyi/Unicode}}