ကန့်ဘလူမြို့နယ် စစ်ကောင်စီ စစ်ဆင်ရေးအတွင်း ဒေသခံ ထိခိုက်သေဆုံးမှုတွေရှိ

စစ်ကောင်စီတပ် စစ်ဆင်ရေးအတွင်း ကန့်ဘလူဒေသခံရွာတွေ မီးရှို့ခံရ (ဇူလိုင် ၂၀၂၄)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ကျေးရွာသားတွေ ထိခိုက်သေဆုံးမှုတွေနဲ့ နေရပ်စွန့်ခွာရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဆင်ရေးတွေအတွင်း ကျေးရွာတွေက နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။ စစ်ရေးတင်းမာနေတဲ့ ကန့်ဘလူမြို့နယ်က နောက်ဆုံး အခြေအနေကိုတော့ မဆုမွန် တင်ပြထားပါတယ်။

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသခံပျူစောထီး ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရာက ထိခိုက်သေဆုံးမှုတွေ ပေါ်ပေါက်နေတာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စစ်ကြောင်း စဝင်ခဲ့တဲ့ သရက်ခေါင်း ကျေးရွာမှာ ရွာသား ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာ ရခဲ့ကြောင်းလည်း ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။

“၂၅ ရက်နေ့မှာ ဝင်တယ်၊ ၂၆ ရက်နေ့မှာ စပြီးတော့ မီးရှို့တယ်။ ဝါသဝရဲ့ ၃၆၁ နဲ့ ပျူနဲ့ ပေါင်းထားတဲ့ စစ်ကြောင်း အခု သူတို့က စဝင်တော့ ဒရုန်း သုံးတာပေါ့။ ဒရုန်းနဲ့ ဗုံးသီးချပြီးတော့ နယ်မြေရှင်းပြီးလို့ ရှိရင် သူတို့ ရှင်းပြီးသား ရွာတွေကို ဝင်ပြီးတော့ အိမ်တွေကို မီးရှို့တာပေါ့။ ဒေသခံ ၂ ယောက် သေတာပေါ့ တစ်ယောက်ကတော့ ဒဏ်ရာ ရသွားတယ်။ အကုန်ရှိ့တာ။ သူတို့ ဝင်သွားတဲ့ ရွာတွေ အကုန်ရှို့တာ၊ တချို့ရွာတွေက ကျွန်တော်တို့ ဝင်ကြည့်လို့ မရသေးဘူး သူတို့ နေနေတုန်းမို့လို့။ အိမ်ခြေစုစုပေါင်းဆိုလို့ရှိရင် ရှမ်းတပ် တရွာတည်းကိုက ၁၀၀ ကျော်တယ်။ ၂၀၀ လောက်တောင်မကဘူး အားလုံးပေါင်းမယ်ဆိုရင် ၃၀၀ လောက်တော့ ရှိမှာ အိမ်ခြေ။ ဝင်လို့ရတဲ့ ရွာတွေကတော့ အကြမ်းဖျင်းသိတယ်ပေါ့ဗျာ၊ ရှမ်းတပ်က ၁၀၀ ကျော်တယ်ပေါ့။ သရက်ခေါင်းဆိုရင် ၆၀ လောက်ပေါ့ဗျာ။”

စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေး တပ်တွေကြား အနည်းဆုံး ၂ ကြိမ် တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီနဲ့ ပျူစောထီး စစ်ကြောင်း အင်အား ၂၅၀ ဝန်းကျင်လောက်က ဆူးပုပ်ကုန်း၊ ဘိုတဲကုန်း၊ မင်းကုန်းနဲ့ ညောင်ပင်သာ ရွာတွေမှာ အင်အားတွေခွဲပြီး စခန်းချ နေတယ်လို့လည်း ပြောပါတယ်။ စစ်ဆင်ရေးအစ ဇူလိုင် ၂၅ ရက်နေ့ကတည်းက သပြေသာ၊ သရက်ခေါင်း၊ မင်းကုန်း၊ ရှမ်းတပ် စတဲ့ ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံတွေက စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲ ကြုံနေရတယ်လို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။

“ရွာတော်တော်များများက ရှောင်ပြီးတော့ ခါတိုင်း ကျွေးမွေးနေတဲ့ ရွာတွေကလည်း ဒရုန်း အန္တရာယ်ကို ကြောက်တဲ့ခါကျတော့ လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေကြတော့ စားရေး သောက်တာ အနေအထိုင်ပိုင်းကတော့ နည်းနည်းတော့ ဆင်းရဲတာပေါ့၊ တောကြားမှာပဲ ရှောင်ကြရတာ။ အခါတိုင်းဆို အဲ့ဒီ တခြားရွာတွေဖက်ကို ရှောင်ကြတယ် ခိုရကပ်ရတယ်ပေါ့ အခုက ဒရုန်းကြောက်ရတာနဲ့ စစ်ကြောင်းက ဆက်တိုက်ထိုးနေတော့ အဲ့ဒီဖက်ကို မလာနိုင်ကြတော့တာလဲ ပါတယ်။ အကုန်လုံးကတော့ ခက်ခဲနေကြတာပဲ စားရေး သောက်တာရော ဆေးဝါးရော ဆေးဝါးကလည်း သူတို့က ဟောင်ဝစ်ဇာနဲ့ လှမ်းထုနေတာဆိုတော့ ရှိတဲ့ဆေးဝါးနဲ့ ကုသနေရင်တောင်မှာ ထိတဲ့လူရှိတဲ့ နေရာတွေမှာဆိုရင် သွားပြီးတော့ ကယ်နိုင်တဲ့ အနေအထားတောင် မရှိဘူး။ နောက်တခုက ဆေးတွေ ပို့ပေးချင်ရင်တောင် ပေးလို့ မရတဲ့ အနေအထားပေါ့။ လက်နက်ကြီးတွေနဲ့ ရမ်းထုတာတို့ ဒရုန်းနဲ့ ဗုံးကို ပတ်ပြီး ချတာတို့က စစ်ရှောင်တွေအတွက် အရမ်း ခက်ခဲတယ်။”

ကန့်ဘလူမြို့နယ်က စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့တွေက နယ်မြေစိုးမိုးရေး ရည်ရွယ်ထားပုံရတယ်လို့ ခန့်မှန်းနေကြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ မကြာသေးခင်ကစ ကြီးထွားလာရာက အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း သတိပေးနေကြပါတယ်။

Your browser doesn’t support HTML5

ကန့်ဘလူမြို့နယ် စစ်ကောင်စီ စစ်ဆင်ရေးအတွင်း ဒေသခံ ထိခိုက်သေဆုံးမှုတွေရှိ