မြန်မာနိုင်ငံအတွင်းက ရခိုင်နဲ့ ကချင်ပြည်နယ်တို့ အပါအဝင် ပဋိပက္ခတွေကြောင့် စာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေသူတွေကို ထပ်မံ အကူအညီပေးသွားမှာဖြစ်ကြောင်း သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ ၅ သိန်းလောက် အပါအဝင် မြန်မာနိုင်ငံအတွင်း စာနာမှုအကူအညီ လိုအပ်နေသူ ၈ သိန်း ၃ သောင်းလောက်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဝင်ငွေရရှိအောင် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် အတားအဆီးတွေ ရှိနေတာကြောင့် ရှင်သန် နေထိုင်ရေးအတွက် ရိုဟင်ဂျာတွေဟာ ပြင်ပ အကူအညီတွေအပေါ် မှီခိုအားထားနေရကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလအတွင်းမှာ တိုက်ပွဲတွေ အရှိန်မြင့် ဖြစ်ပေါ်လာတာကြောင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည် ၅ ထောင်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ အခြေအနေကိုလည်း သြစတေးလျအနေနဲ့ စိုးရိမ်ပူပန်ကြောင်း၊ အခုလို အခြေအနေတွေ ဆိုးရွားလာနေတာကြောင့် ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မူလက ရှိနေပြီးဖြစ်တဲ့ ပြည်တွင်း ရွေ့ပြောင်း ဒုက္ခသည် တသိန်းလောက်အတွက် ဘေးကင်း လုံခြုံမှုနဲ့ စားဝတ်နေရေး အခြေအနေတွေအပေါ် အထူး စိုးရိမ်စရာ ဖြစ်လာနေကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သက်ဆိုင်သူ အားလုံးအနေနဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး အရပ်သားတွေကို အကာကွယ်ပေးတာအပြင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေကို စာနာမှု အကူအညီပေးတဲ့ အဖွဲ့တွေ သွားရောက်ခွင့် ပြုဖို့ သြစတေးလျ အစိုးရက တောင်းဆိုကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတဝှမ်း အရေးပေါ် အကူအညီ လိုအပ်နေသူူတွေအတွက် UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး၊ Save the Children Australia တို့အပါအဝင် ယုံကြည်ရတဲ့ လူသားချင်း စာနာမှုအကူအညီပေးရေး အဖွဲ့အစည်းတွေကတဆင့် သြစတေးလျ အစိုးရက ဒေါ်လာ ၁၃ သန်း အကူအညီပေးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုပေးမယ့် ဒေါ်လာ ၁၃ သန်း အကူအညီထဲက - ရခိုင်ပြည်နယ်အတွက် လူပေါင်း ၅ သောင်းအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးငယ် ၁ သောင်း ၈ ထောင် ကျောင်းတက်နိုင်ရေး၊ လူပေါင်း ၁ သောင်း ၇ ထောင်ကျော်အတွက် မိုးရာသီအတွင်း ခိုင်ခန့်တဲ့ အမိုးအကာနဲ့ ခိုလှုံစရာ တည်ဆောက်ပေးရေး၊ မိသားစုတွေနဲ့ ကွဲကွာနေတဲ့ ကလေးငယ်တွေကို သက်ဆိုင်ရာ သူတို့ မိသားစုတွေနဲ့ ပြန်လည် ပေါင်းစည်းပေးရေး စတာတွေ ပါဝင်ပါတယ်။ ကချင်နဲ့ ရှမ်းပြည်နယ်တွေ အတွက်ကတော့ - အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရတဲ့ ပြည်တွင်း ရွေ့ပြောင်းနေထိုင်သူ မိသားစုတွေအတွက် အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ခရိုင်အတွင်းက ဒုက္ခသည်တွေအတွက် စာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၁၅ သန်းပေးမယ့်အကြောင်း ဧပြီလ ၂၈ ရက်နေ့က ကြေညာထားတာအပြင် အခု ဒေါ်လာ ၁၃ သန်းကို ထပ်ပြီး ကူညီပေးမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5