သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဌာနေ တိုင်းရင်းသားတွေ လူမှုဘဝ ပြန်လည်ရှင်သန်ရေး တန်းတူ ကူညီဖို့လိုအပ်


ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်ထွက်ပြေးခဲ့ကြတဲ့ ရခိုင်ဒေသခံပြည်သူများ ( သတင်းဓာတ်ပုံ- လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး)
ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်ထွက်ပြေးခဲ့ကြတဲ့ ရခိုင်ဒေသခံပြည်သူများ ( သတင်းဓာတ်ပုံ- လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး)

အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပြန်လည်ထူထောင်ရေးနဲ့ နေရပ်ကနေ တိမ်းရှောင်သွားသူတွေကို နေရာပြန်လည် ချထားရေး၊ ပုံမှန်လုပ်ငန်းခွင် လည်ပတ်နိုင်ရေးတွေအတွက် အစိုးရတာဝန်ရှိ သူတွေဘက်က ဆောင်ရွက်နေပေမဲ့လို့ ဒေသခံ ပြည်သူတွေနဲ့ ဌာနတိုင်းရင်းသားတွေ အတွက် နေ့စဉ်လူမှုဘဝ ပြန်လည်ရှင်သန် ရပ်တည်လုပ်ကိုင်ရေးနဲ့ လုပ်ငန်းခွင်အတွက် ခိုင်မာတဲ့ လုံခြုံရေး အာမခံ ချက်တွေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောဆိုလိုက်ပါတယ်။ အဓိကကတော့ နယ်မြေတွင်း တရားဥပဒေ စိုးမိုးရေးရှိဖို့နဲ့ ဒေသခံ အားလုံးအတွက် တန်းတူညီမျှတဲ့ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ထောက်ပြပါတယ်။ အသေးစိတ်ကို မဆုမွန် ဆက်တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ချိန် နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ တောင်ယာလုပ်ငန်းခွင်နဲ့ မွေးမြူရေး လုပ်ငန်းတွေ ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ အထူးသဖြင့် ဘူးသီးတောင်နဲ့ မောင်တောဒေသတွေက ကျေးရွာတွေမှာ ပြန်လည် နေရာချထားရေး ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေ မြေယာပြုပြင်ဖော်ထုတ်ရေး လုပ်ငန်းတွေကို ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေးနဲ့ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ရဲ့ ဆောက်လုပ်ရေး နဲ့ အခြေခံအဆောက်အဦးများ တည်ဆောက်ရေး လုပ်ငန်းအဖွဲ့ ၊ ရခိုင်ပြည်နယ်အစိုးရနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

အခုလိုရခိုင်ဒေသတွင်း ပြန်လည်နေရာချထားရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးရေးဆောင်ရွက်နေပေမဲ့လို့ ဒေသခံတိုင်းရင်းသားတွေနဲ့ အထူးသဖြင့် မျိုးနွယ်စုတိုင်းရင်းသားတွေအတွက် နေ့စဉ်လူမှုဘဝပြန်လည်ရပ်တည်လုပ်ကိုင်နိုင်ရေးမှာတော့ လုံခြုံရေးအပါအဝင် စီးပွားရေး အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေ အတွက် ခိုင်မာတဲ့အာမံချက်ရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးဖို့နဲ့ နယ်မြေတွင်း တရားဥပဒေ စိုးမိုးမှုရှိအောင် သက်ဆိုင်တဲ့တာဝန်ရှိသူတွေဘက်က ဆောင်ရွက်ပေးဖို့ အရေးတကြီးလိုအပ်တယ်လို့ ကမန်အမျိုးသားတိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်ငွေက အကြံပြုပါတယ်။

“ဒီ community နှစ်ခုလုံးထဲမှာ smooth ဖြစ်ဖို့လိုတယ်။ တခုခုဖြစ်ဖို့ ဆိုတဲ့နေရာမှာ- လက်ရှိ တည်ငြိမ်အေးချမ်းဖို့အတွက် ပြန်လည်ထူထောင်ရေး လုပ်တဲ့အခါမှာ ၊ အဓိကတော့ သူတို့ရဲ့စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကြောင်းအလုပ်တွေ ဖေါ်ဆောင်ပေးရမယ်။ အထူးသဖြင့် စိုက်ပျိုး မွေးမြူရေးပေါ့။ ဒါမျိုးတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ လုပ်ပေးရမယ်။ အုပ်ချုပ်ရေးယန္တရားက တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း ဘက်မလိုက်ပဲနဲ့ … ဒီ ရခိုင်တိုင်းရင်းသားတွေ ရှိမယ်၊ အခြားအခြား လူ့အဖွဲ့အစည်းတွေရှိမယ် .. အစိုးရဆိုတာ အကုန်လုံးပေါ်မှာ တာဝန်ယူရမယ်၊ တာဝန်ခံရမယ်။ ဥပဒေအကျိုး သက်ရောက်မှုရှိအောင် တစိုက်မတ်မတ်လုပ်ရင် ကျနော်တို့ မငြိမ်းချမ်းစရာ မရှိပါဘူး။ ရေရှည်အတွက် အထူးသဖြင့် ပညာရေး ကျန်းမာရေးတို့ လုပ်ပေးဖို့ အုပ်ချုပ်တဲ့ အစိုးရတွေမှာ တာဝန်ရှိတယ်။”

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း က ဒေသခံပြည်သူတွေအတွက် လုံခြုံမှုအာမခံချက်ပေးဖို့နဲ့ သူတို့ရဲ့ လူနေမှုဘဝတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် လုံလောက်တဲ့ဆောင်ရွက်လုပ်ကိုင်ပေးနေတာတွေကို မတွေ့ရသေးဘူးလို့လည်း ရခိုင်ပြည်နယ်တွင်းက ဒေသခံတွေအရေး လေ့လာခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ထောက်ပြပါတယ်။

“ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုကြောင့် ၂၀၁၆-၂၀၁၇ နှစ်နှစ်စလုံးမှာပေါ့ သိသိသာသာ တိုးတက်လာမျိုးတွေ၊ ဌာနေတိုင်းရင်းသားတွေ အတွက် အဲဒီမှာရှိနေကြတဲ့ ရခိုင်အပါအဝင် အခြားရခိုင်မျိုးနွယ်စု ထဲမှာပါတဲ့ တိုင်းရင်းသားတွေ သိသိသာသာ တိုးတက်လာတာမျိုး ဘာတခုမှ ကျမတို့ မတွေ့ရဘူး။ မြင်သာတဲ့ တိုးတက်မှုတွေ မတွေ့ရဘူး။ ဆိုတော့ နိုင်ငံတကာမှာ အမြဲတမ်းပဲ ဆွေးနွေးနေကြတဲ့ ဒီကိစ္စမှာ highlight ဖြစ်နေတဲ့ဟာက ဒေသခံတွေ မဟုတ်ဘူး။ ဒီထွက်ပြေးသွားတဲ့ လူတွေအတွက်ပဲ ဖြစ်နေတယ်ဆိုတော့ ကျမတို့က ဒါကိုအင်မတန် စိတ်မကောင်းဖြစ်ရတယ်။ ကျမတို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဒါတွေကို လေ့လာကြည့်တဲ့အခါမှာလည်း တကယ့် ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတာတွေ ၊ လုပ်နေပါတယ်တို့ .. အလှူငွေတွေ ကောက်ခံကြတယ် .. ခြံစည်းရိုး ကာကြတယ်ပေါ့နော်၊ ဒီခြံစည်းရိုး ကားကြတဲ့အပေါ်မှာ လူတွေဘယ်လောက်ထိ safe ဖြစ်ပြီလဲ၊ လုံခြုံစိတ်ချရပြီလား ဆိုတဲ့ မေးခွန်းတွေလည်း အများကြီးရှိပါတယ်။”

အထူးသဖြင့်ကတော့ ပြည်ထောင်စုအစိုးရ၊ လွှတ်တော်နဲ့ ပြည်နယ်အစိုးရ သက်ဆိုင်တဲ့တာဝန်ရှိသူတွေဘက်က ဒေသခံပြည်သူတွေအတွက် ခိုင်မာတဲ့လုံခြုံရေးအာမခံချက်ရှိအောင် အကာအကွယ်ပေးတဲ့လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ပေးဖို့နဲ့ ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းတွေ ဆောင်ရွက်တဲ့အခါမှာလည်း ဒေသခံပြည်သူတွေရဲ့ အသံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံပြုမှုတွေကို အလေးထားဆောင်ရွက်ဖို့ကိုလည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တိုက်တွန်းပါတယ်။

“အဓိကကတော့ ကျမတို့ ရခိုင်တိုင်းရင်းသားများအနေနဲ့ကတော့ လုံခြုံဖို့ပဲ၊ လုံခြုံဖို့နဲ့ ဥပဒေစိုးမိုးဖို့ပဲ။ လုံလုံခြုံခြုံနဲ့ တရားဥပဒေ စိုးမိုးရေးရှိမယ် ဆိုလို့ရှိရင်တော့ ဒီဖွံ့ဖြိုးရေးကဏ္ဍတွေကိုလည်း ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ဖန်တီးနိုင်တဲ့စွမ်းအား ရှိပါတယ်။ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ပြည်သူတွေအတွက် အစိုးရက အပြည့်အဝ ကာကွယ်ပေးနိုင်ပြီ ဆိုလို့ရှိရင် ၊ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဖို့က အခက်ကြီး ရယ်လို့ ကျမ မထင်ပါဘူးရှင့်။”

ရခိုင်မြောက်ပိုင်းအကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ဒုက္ခသည်သိန်းနဲ့ချီ တိမ်းရှောင်ထွက်ပြေးသွားကြသလို အခုချိန်ထိတော့ ပြန်လည်ဝင်ရောက်လာတာမရှိသေးပါဘူး။ အလားတူရခိုင်ပြည်နယ်တွင်းမှာလည်း ဘေးလွတ်ရာမြို့နယ်ကျေးရွာတွေဆီကို ရခိုင်ဒေသခံတွေ နေရပ်ရင်းကစွန့်ခွာပြီး အစိုးရဖွင့်လှစ်ထားတဲ့ ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံကြသလို နီးစပ်ရာ မိတ်ဆွေဆွေမျိုး တွေဆီမှာလည်း ခိုလှုံခဲ့ရတာဖြစ်ပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားစအချိန်မှာတော့ နေရပ်တွေကို ပြန်လာကြပြီး မိရိုးဖလာ လုပ်ငန်းခွင်ကို ပြန်ဝင်ဖို့ ဆောင်ရွက်ရာမှာတော့ လုံခြုံရေးစိုးရိမ်ချက်တွေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ အနေအထား ဖြစ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG