သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာလူမျိုးနွယ်လိုက် ရှင်းလင်းဖယ်ရှားမှု ရှိနေဆဲဟု ကုလအကြီးအကဲသုံးသပ်


ရိုဟင်ဂျာဒုက္ခသည်များ ထွက်ပြေးစဉ်
ရိုဟင်ဂျာဒုက္ခသည်များ ထွက်ပြေးစဉ်

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း အစိုးရတပ်စစ်ဆင်ရေးတွေနောက်ပိုင်း ရိုဟင်ဂျာ မွတ်ဆလင်တွေ ဘင်္ဂလားဒေရ်ှနိုင်ငံဖက် ထွက်ပြေးနေကြရတာ ၆ လအချိန်အထိ ကြာလာပေမယ့်၊ အဲဒီဒေသမှာ အခုအချိန်အထိကို လူမျိုးနွယ်စုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ လုပ်ရပ်မျိုးတွေ စနစ်တကျ ဆောင်ရွက်နေတုန်းပဲလို့ ကုလသမဂ္ဂ လူအခွင့်အရေးအကြီးအကဲက ပြောလိုက်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းကပဲ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံခဲ့ပြီးနောက်၊ အခုအခြေအနေအတိုင်းဆိုရင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးမဖြစ်နိုင်သေးဘူးလို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့အခြေအနေဟာ ၆ လကြာလာပြီဆိုပေမယ့် အရင်လိုပဲ Ethnic Cleansing ဆိုတဲ့ လူမျိုးနွယ်စုလိုက်ရှင်းလင်းဖယ်ရှားမှုတွေ ရှိနေတုန်းပဲလို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှုးချုပ် Andrew Gilmour က ပြောဆိုလိုက်တာပါ။ အရင်နှစ်တုန်းကလို သွေးသံတရဲရဲ ရှင်းလင်းဖယ်ရှားမှုလို နည်းလမ်းမဟုတ်တော့ပဲ၊ ပိုပြီး ညင်သာတဲ့ နည်းလမ်းတွေကိုသုံးပြီး ရိုဟင်ဂျာမွတ်ဆလင်တွေ ငတ်မွတ်ခေါင်းပါးပြီး နေထိုင်လို့မရအောင် လုပ်လာတယ်လို့လည်း ကုလ အကြီးအကဲက ပြောခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှုးချုပ် Andrew Gilmour ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ရောက်ရှိနေတာဖြစ်ပြီး အဲဒီမှာ ဒုက္ခသည်တွေကို တွေ့ဆုံစကားပြောခဲ့တာပါ။

“အခုမှ မြန်မာနယ်စပ်ကိုဖြတ်ပြီး ရောက်လာတဲ့သူတွေနဲ့ စကားပြောဖြစ်ပါတယ်။ သူတို့ပြန်ပြောပြတာတွေကိုနားထောင်ရင် တကယ့်ကို နာကျင်ခံစားရပါတယ်။ သူတို့ ခံစားနေရတဲ့ ဆိုးဆိုးဝါးဝါး အခြေအနေမျိုးတွေဟာ တကယ့်ကို စဉ်ဆက်မပြတ်ဖြစ်နေတာပါ။”

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ အစိုးရလုံခြုံရေးစခန်းတွေကို ARSA လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးတဲ့နောက်၊ အစိုးရက တန်ပြန်စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ရာမှာ ဒေသခံ ရိုဟင်ဂျာ ခုနှစ်သိန်းနီးပါး ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ရောက်ရှိလာတယ်လို့ ကုလသမဂ္ဂက စာရင်းပြုစုထားပါတယ်။ စစ်ဆင်ရေးတွေ ရပ်သွားပြီဆိုပေမယ့် အခုနောက်ပိုင်း၊ မကြာမီ ရက်ပိုင်းတွေအထိ ဒုက္ခသည်တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးနေကြရတုန်းပဲလို့လည်း ဆိုပါတယ်။ ဒါဟာ Ethnic Clensing ဆိုတဲ့ လူမျိုးနွယ်စုလိုက်ရှင်းလင်းဖယ်ရှားမှု မြောက်တယ်လို့ ကုလ လက်ထောက်အတွင်းရေးမှုးချုပ်က သုံးသပ်ပြောဆိုပါတယ်။ အဖြစ်အပျက်ကိုသုံးသပ်တဲ့နေရာမှာ အခြားအခြေအနေတွေထက် ဒုက္ခသည်စခန်းမှာ မြင်ရကြားရတဲ့ အခြေအနေဟာ အဓိကဖြစ်တယ်လို့ သူက ဆိုလိုပါတယ်။

“ အခုဖြစ်နေတာတွေကို ကြည့်ရင် သတ်ဖြတ်နေတာတွေတင် မကတော့ပါဘူး၊ လိင်ပိုင်းဆိုင်ရာအဓမ္မကျင့်မှုတွေ ကျူးလွန်နေရုံတင်မဟုတ်တော့ပါဘူး၊ လူတွေကို ခြိမ်းခြောက် မောင်းထုတ်နေရုံတင် မဟုတ်တော့ပါဘူး။ ဒီလူတွေရဲ့ အနာဂတ် နေထိုင်မှုဘဝတွကို ဖျက်ဆီးပစ်ဖို့ စနစ်တကျကို ကြိုးပမ်းဆောင်ရွက်နေတဲ့ ပုံ ဖြစ်နေပါပြီ။”

အခြေအနေတွေကိုကြည့်ရင် မနှစ်ကလို သွေးထွက်သံယိုဖြစ်တဲ့ နည်းလမ်းတွေမဟုတ်တော့ပဲ ပိုပြီး သိမ်မွေလာတယ်၊ အထူးသဖြင့် ကျန်နေသေးတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ သူတို့အိုးအိမ်တွေမှာ နေလို့မရအောင် စားဝတ်နေရေးကြပ်တည်းလာအောင် လုပ်လာတာဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။ ဒါကြောင့်လည်း အခု အသစ်ရောက်လာသူတွေဟာ ရခိုင်ပြည်နယ်အတွင်းပိုင်းထဲကနေ နယ်စပ်ဖြတ်လာသူတွေဖြစ်တယ်လို့လည်း သူက ပြောသွားပါတယ်။ မြန်မာအစိုးရကတော့ ဒုက္ခသည်ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုတွေလုပ်နေပြီး၊ ဒီနေရာမှာ ကုလသမဂ္ဂအေဂျင်စီအချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုပါ ရယူဖို့ ဖိတ်ခေါ်ထားပါတယ်။ ကုလ လက်ထောက်အတွင်းရေးမှုးချုပ် Andrew Guilour ကတော့ အခုလို အခြေအနေမျိုးမှာ ဒုက္ခသည်တွေအနေနဲ့ ဂုဏ်သိက္ခာရှိရှိ လုံလုံခြုံခြုံ နေရပ်ပြန်ရေးဆိုတာ မဖြစ်နိုင်သေးဘူးလို့ မြင်ပါတယ်။

“လူမျိုးနွယ်စုရှင်းလင်းဖယ်ရှားရေးမှာ တာဝန်ရှိသူတဲ့သူတွေရဲ့ ပြောစကားတွေကို နဲနဲမှ မယုံပါဘူး။ ကိုယ်ဖြစ်ချင်တာ ကိုယ့်ဖာသာ ဟောကိန်းထုတ်နေသလိုပါပဲ။ ဒီလူတွေကို အခုလို မောင်းထုတ်ပြီး ဆိုးဆိုးဝါးဝါးဖြစ်အောင်လုပ်မယ် သူတို့ရဲ့မျှော်လင့်ချက်တွေအားလုံး ဖျက်ဆီးခံရမယ်ဆိုရင် သေချာပါတယ် .. သူတို့ဟာ အစွန်းရောက်သွားကြမှာပါ။”

ရခိုင်မြောက်ပိုင်းမှာ မြန်မာအစိုးရရဲ့ ပြီးခဲ့တဲ့နှစ် စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၆၇၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ခန့်မှန်းထားပါတယ်။ ရိုဟင်ဂျာကျေးရွာအတော်များများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ ကျေးရွာ ၅၅ ရွာထက်မနည်း လုံး၀ ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ဂြိုလ်တုဓါတ်ပုံတွေကို ကိုးကား ဖော်ပြခဲ့ကြပါတယ်။ မြန်မာအစိုးရရော မြန်မာစစ်တပ်ကပါ ဒါတွေဟာ မမှန်ကန်တဲ့ စွတ်စွဲချက်တွေသာဖြစ်ပြီး၊ မြန်မာနိုင်ငံနဲ့ မြန်မာအစိုးရကို ပုံရိပ်ပျက်အောင် လုပ်ကြံပြောဆိုမှုတွေလို့ မြင်ပါတယ်။အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးအတွင်း အရပ်သားအထိအခိုက်အချို့ရှိခဲ့တယ်ဆိုတာကိုတော့ မြန်မာအာဏာပိုင်တွေက ဝန်ခံထားပြီး၊ ဒီကိစ္စတွေမှာ တာဝန်ရှိသူတွေကိုလည်း ထိထိရောက်ရောက်အရေးယူခဲ့တယ်လို့ဆိုပါတယ်။ စွတ်စွဲချက်တွေမှာ ခိုင်မာတဲ့ သက်သေအထောက်အထားတွေရှိရင်လည်း သူတို့ကိုပေးဖို့ မြန်မာအစိုးရက တောင်းဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ရခိုင်မြောက်ပိုင်းဒေသကို သတင်းထောက်တွေ လွတ်လွတ်လပ်သွားရောက်နိုင်ခြင်းမရှိသေးသလို၊ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုအကူအညီတွေလည်း ထိထိရောက်ရောက်မပေးနိုင်သေးပါဘူး။ မြန်မာအစိုးရတော့ ICRC နဲ့ပေါင်းပြီး ကြက်ခြေနီလှုပ်ရှားမှုနဲ့ ကူညီရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။

မကြာခင်ရက်ပိုင်းကတော့ မြန်မာနဲ့ ဘင်္ဂလားဒေရ်ှနယ်စပ်မျဉ်းပေါ်မှာ ဒုက္ခသည်အချို့ နေထိုင်နေတာနဲ့ပတ်သက်လို့ ၊ နယ်စပ်မှာ တင်းမာမှုအနည်းငယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီ ဒုက္ခသည်အတော်များများက ဘင်္ဂလားဒေရ်ှနယ်မြေထဲ ဝင်ရောက်သွားခဲ့သလို၊ မြန်မာဖက်က လုံခြံရေးပြန်လျော့ခဲ့တာမို့ တင်းမာမှု အတန်ငယ်တော့ လျော့သွားပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို အခုလို လေးရက်ကြာ လာရောက်တဲ့ ခရီးစဉ်အချိန်မှာပဲ၊ မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိစ္စဟာ ဆွီဇာလန်မှာကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည်အစည်းအဝေးကြီးရဲ့ အလေးပေး ပြောစရာ အကြောင်းအရာတခုဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG