ဘန်ကောက် မြန်မာသံရုံး ဗုံးလန့်

ဘန်ကောက် မြန်မာသံရုံးရှေ့ လုံခြုံရေးရဲများ

ထိုင်းနိုင်ငံဘန်ကောက်မြို့ က မြန်မာသံရုံးဝန်းအတွင်းမှာ ချိန်ကိုက်ဗုံးလို့ သံသယဖြစ်ဖွယ်ပစ္စည်းတွေကိုတွေ့ရှိတဲ့အတွက် ထိုင်းရဲတွေက ရှင်းလင်းခဲ့ရပါတယ်။ တွေ့ရှိတဲ့ပစ္စည်းဟာ ဗုံးအတုဖြစ်တယ်လို့ မြန်မာသံရုံး သံမှူးကြီးက ဗွီအိုအေကို ပြောပါတယ်။ စုံစမ်းစစ်ဆေးနေချိန် ၃ နာရီကျော်လောက် သံရုံးကို ခေတ္တပိတ်ထားခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ သံရုံးလုပ်ငန်းတွေ ပုံမှန်ပြန်လည် လည်ပတ်နေပြီဖြစ်ပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပို့ထားပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့က မြန်မာသံရုံးဝန်းအတွင်းနိုင်ငံကူးလက်မှတ်တွေလုပ်ရတဲ့အခြမ်းဖက် ဓါတ်ပုံရိုက်တဲ့နေရာနားမှာ ဗုံးလို့ မသင်္ကာတဲ့ ပစ္စည်းတခုကို ဒီကနေ့ တနင်္လာနေ့ မနက်ပိုင်းက တေ့ွရှိခဲ့တာဖြစ်ပါတယ်။ နာရီဓါတ်ခဲ ဝါယာကြိုးတွေနဲ့ ရေပိုက်ငယ်တခုကို စုံချည်ထားတဲ့ မသင်္ကာစရာပစ္စည်းကို သံရုံးလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတယောက်က သတင်းပေးခဲ့တဲ့အတွက် ထိုင်းရဲတွေက ဗုံးရှင်းလင်းရေးတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့တာပါ။ မြန်မာသံရုံးက သံမှူးကြီးဦးချမ်းအေးကတော့ ရဲတွေ စစ်ဆေးခဲ့ရာမှာ ဗုံးအစစ်မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်

"အဲဒါကဗုံးအစစ်မဟုတ်ပါဘူး ထိုင်းရဲကတော့စစ်ပြီးသွားပြီ ယူသွားပြီနော်ပေါ့ စစ်ပြိးသွားတော့ အကုန်သိမ်းသွားပြိးလုံခြုံရေးကတော့ စစ်တဲ့သူတွေမလာခင်မှာ လမ်းတွေ အကုန်ပိတ်ထားပါတယ်။

မေး။ ။ အဲဒါ ဘယ်လိုကနေ စဖြစ်တာလဲရှင့်။

ဖြေ။ ။ အဲဒါ လည်းပြောခွင့်မရှိပါဘူး လောလောဆယ်ဌာနချုပ်တောင်မှ အစီရင်ခံတုန်းရှိပါသေးတယ်"

ဗုံးလို့ယူဆရတဲ့ ပစ္စည်းကို တွေရှိခဲ့လို့ နိုင်ငံကူးလက်မှတ်လာလုပ်တဲ့အလုပ်သမားတွေနဲ့ဝေးတဲ့နေရာကိုသယ်ဆောင်သွားပြီး သတင်းပေးခဲ့တဲ့ မြန်မာအလုပ်သမားတဦးဖြစ်တဲ့ ကိုဝင်းနိုင်ကတော့ အခုသူ့ကိုစစ်ဆေးနေကြောင်းနဲ့ သူတွေ့ရှိခဲ့တဲ့အခြေအနေကို ပြောပြပါတယ်။

"သံရုံအတွင်းထဲမှာ မြန်မာသံရုံး အဟောင်းအတွင်းထဲက ဓါတ်ပုံရိုက်တဲ့နေရာမှာထားတာတာခင်ဗျ ဟုတ်ကဲ့ ကျနော်ကိုင်လိုက်မိတယ်ခင်ဗျ အထဲမှာ မြန်မာအလုပ်သမား ၂၀၀ကျော်ရှိတယ်ခင်ဗျ ပတ်စပို့ရိုက်နေတဲ့အချိန်မှာကျနော်က အဲဒီအချိန်မှာဒီအတိုင်းပဲထားမယ်ဆိုရင် ဝုန်းဝုန်းဖြစ်မှာဆိုတော့ လူတွေနဲ့ဝေးတဲ့နေရာအရှေ့မှာထားပြီး တာဝန်ရှိတဲ့သူကိုချက်ချင်းခေါ်လိုက်ပြီးကျနော် ပြလိုက်တာပါ။ လာစစ်ဆေးပြီးတော့ မဟုတ်ဘူး အတုလို့တော့ပြောတာပဲ အထဲမှာဝါယာကြိုးရယ် ဓါတ်ခဲရယ် ရေပိုက်အသေးလေးပါတယ် ဝါယာကြိုးဖြတ်လိုက်တာကို တွေ့ရတယ်ခင်ဗျ အဝေးကနေ ကျနေ်ာကြည့်လိုက်ရတယ်။ အခုကတော့ကျနော်ကို ထိုင်းရဲစခန်းမှာ လက်ဗွေတွေနှိပ်ပြီး မေးမြန်းနေတယ်ခင်ဗျ ။ ဘယ်လိုစတွေ့သလဲဆိုတာအမေးအမြန်းတွေလုပ်နေတယ်ခင်ဗျ"

အခုလို ဗုံးလို့သံသယဖြစ်ဖွယ်ပစ္စည်းတွေရှိခဲ့တာကြောင့် သံရုံးကလုပ်ငန်းတွေကို ယာယီရပ်နားခဲ့ပြီး သံရုံးရှေ့ကလမ်းတွေမှာ လူတွေအသွားအလာမလုပ်ဖို့ အတွက်ထိုင်းအာဏာပိုင်တွေက တားဆီးခဲ့ပါတယ်။ ၃ နာရီလောက်ကြာအောင် စစ်ဆေးခဲ့ပြီးနောက် လမ်းတွေ ပြန်ဖွင့်ပေးခဲ့သလို သံရုံးကိုလည်း ပုံမှန်ပြန်ဖွင့်ထားတယ်လို့သိရပါတယ်။

တွေရှိတဲ့ သံသယဖြစ်ဖွယ် ပစ္စည်းတွေနဲ့ ပတ်သက်လို ့ဘယ်သူဘယ်ဝါလာထားသလဲဆိုတာကိုတော့ ချက်ချင်းဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး ထိုင်းအာဏာပိုင်တွေကတော့ ဒီပစည်ကို စစ်ဆေးဖိုအတွက်သိမ်းဆည်းသွားခဲ့ပြိး ဘယ်သူတွေကလာရောက်ထားသလဲဆိုတာကိုလည်း တခြားမှတ်တမ်းတွေနဲ့စီစီတီဗွီမှတ်တမ်းတွေကြည့်ပြီး စုံစမ်းသွားမယ်လို့သိရပါတယ်။

Your browser doesn’t support HTML5

ဘန်ကောက် မြန်မာသံရုံး ဗုံးလန့်