မြန်မာနဲ့နယ်စပ် လုံခြုံရေး ဘင်္ဂလားဒေ့ရှ်တိုးမြှင့်

မြန်မာနဲ့နယ်စပ်မှာ လုံခြုံရေးယူနေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၇၊ ၂၀၂၄)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် မကြာသေးခင် လအနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာသူ ရိုဟင်ဂျာဒုက္ခသည် ၁၈,၀၀၀ လောက် ရှိခဲ့တာကြောင့် နယ်စပ်ဒေသ တလျှောက်ကို လုံခြုံရေးတိုးပြီး စောင့်ကြည့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

နယ်စပ်ဒေသမှာ စောင့်ကြည့်မှုကို တိုးမြှင့် ဆောင်ရွက်နေပေမယ့် ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ မြန်မာနဲ့ နယ်စပ်ကို စောင့်ကြည့်တဲ့အစီအစဉ်က စိန်ခေါ်မှုတွေ အများအပြားရှိကြောင်း၊ အထူးသဖြင့် မြန်မာဘက်နဲ့ အလုပ်တွဲလုပ်တဲ့နေရာမှာ စိန်ခေါ်မှုတွေရှိကြောင်း အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေ ထွက်ပြေး ဝင်ရောက်လာခဲ့ကြပြီးဖြစ်သလို နောက်ထပ် ဝင်လာချင်သူတွေလည်း အများအပြား ရှိနေသေးတယ်လို့ အမည်မဖော်လိုတဲ့ အဲဒီ အရာရှိက ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ရိုဟင်ဂျာတွေ Cox’s Bazar ခရိုင်အတွင်းက ဒုက္ခသည်စခန်းတွေမှာ တသန်းလောက် ရှိနေပြီးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို အခုလို ဒုက္ခသည်တွေ ထပ်ပြီး ရောက်လာကြတာလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ နောက်ထပ် ဒုက္ခသည်တွေ ထပ်ပြီး လက်ခံနိုင်စွမ်းမရှိတော့ဘူးလို့ မကြာသေးခင်ကပဲ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောဆိုအပြီး မကြာခင် အခုလအစောပိုင်းမှာ ထပ်ရောက်လာကြသူ အရေအတွက်ဟာ အစောပိုင်းက တာဝန်ရှိသူတွေ သိရှိထားတဲ့ စာရင်းထက် ၂ ဆပိုနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာနဲ့နယ်စပ် လုံခြုံရေး ဘင်္ဂလားဒေ့ရှ်တိုးမြှင့်