သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ကို ထပ်ရောက်လာတဲ့ ရိုဟင်ဂျာတွေ နေထိုင် စားသောက်ရေး အခက်ကြုံ


ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ဈေးတခုကိုတွေ့ရစဉ် (ဇွန် ၂၅၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ဈေးတခုကိုတွေ့ရစဉ် (ဇွန် ၂၅၊ ၂၀၂၄)

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လပိုင်းတွေမှာ တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာတဲ့ နောက်တိုး ရိုဟင်ဂျာတွေကို နေရာထိုင်ခင်း မပေးနိုင်သလို ကျန်းမာရေး စောင့်ရှောက်မှုလည်းမရ၊ စားသောက်ဖို့တောင် အခက်ကြုံနေတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ လအတွင်း ရိုဟင်ဂျာဒုက္ခသည် ၈,၀၀၀ လောက် ဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ဒီရက်ပိုင်းအတွင်း ပြောဆိုထားတာပါ။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံကို နောက်ထပ် ထွက်ပြေးသူတွေ တိုးလာနေတာပါ။ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြားက တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ နှစ်လအတွင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသူ ၈,၀၀၀ ထက်မနည်း ရှိခဲ့တယ်ဆိုတာ သူတို့ စာရင်းကောက်ယူထားမှုတွေအရ သိရတဲ့အကြောင်း မနေ့ စက်တင်ဘာ ၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရ ဒုက္ခသည်ရေးရာဌာန အကြီးတန်း တာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောဆိုလိုက်ပါတယ်။

နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရတာမို့ နောက်ရောက်လာတဲ့ ရိုဟင်ဂျာတွေကို နေရာမစီစဉ်ပေးနိုင်ကြောင်းလည်း ပြောဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ကြားကာလအစိုးအနေနဲ့ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာတွေ နောက်ထပ်ရောက်မလာနိုင်အောင် ဆောင်ရွက်ဖို့ ပြင်ဆင်ထားတဲ့အကြောင်း ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mohammad Touhid Hossain က ရိုဟင်ဂျာတွေထပ်ရောက်မလာအောင် ဘယ်လို တားဆီးမလဲဆိုတာကို ဒီသတင်းပတ်အတွင်း ဆွေးနွေးအဖြေရှာမယ်လို့လည်း ပြောဆိုထားပါတယ်။ လတ်တလောရောက်လာတဲ့ ဒီလူတွေကို နေရာထိုင်ခင်းမပေးနိုင်သလို ကျန်းမာရေး စောင့်ရှောက်မှုလည်းမရ၊ စားသောက်ဖို့တောင် အခက်ကြုံနေတယ်လို့ ကနဦးရောက်နေတဲ့ ကုတုပလောင် ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာတဦးက ဗွီအိုအေကို ခုလိုပြောပြတယ်။

“သူတို့ကို ဘင်္ဂလားအစိုးရက စားနပ်ရိက္ခာလည်းမပေးဘူး၊ နေစရာလည်းမပေးဘူး၊ သူတို့မှာ အခက်အခဲကြုံနေရတယ်။ သူများဆီက တောင်းစားနေရတယ်။ ဩဂုတ် ၂ရက်နေ့ကနေ ဒီနေ့ထိဆို ၈,၀၀၀ကျော်ကျော် ရှိတယ်။ သူတို့တွေက ဆွေမျိုးတွေရှိတယ်၊ အမျိုးတွေရှိတယ်။ အဲလိုပေါ့ ဟိုမှာတယောက် ဒီမှာ ၂ယောက် အဲလိုနေနေရတယ်။”

ရခိုင်ပြည်နယ်က နေရာတော်တော်များများကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လိုတယ်လို့ ဘင်္ဂလားဒေရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးအကဲက ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပြီး AA ကလည်း အဲဒီလို ကမ်းလှမ်း ပြောဆိုမှုကို ကြိုဆိုကြောင်း တုန့်ပြန်ထားပါတယ်။

နောက်ရောက်လာတဲ့လူတွေကို ပြန်ပို့ဖို့ စီစဉ်နေတာရှိပေမယ့် ဘယ်လိုပုံစံ စီစဉ်ပေးမလဲဆိုတာ မသိရသေးတဲ့အကြောင်း ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာက ပြောပါတယ်။ လက်ရှိရောက်လာတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံတကာက အကူအညီပေးနိုင်ဖို့ မျှော်လင့်ပေမယ့် လက်ရှိအချိန်မှာ ဘယ်အဖွဲ့ကမှ မကူညီနိုင်ဘူးဖြစ်နေတယ်လို့ သူက အခုလို ဆက်ပြောပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း လုပ်ပေးလို့မရ ဖြစ်နေတယ်။ ဘာလို့ဆို ဘင်္ဂလားအစိုးရက သူတို့ကို လုပ်ပိုင်ခွင့်မပေးဘူး။ ကြားဖြတ်အစိုးရက သူတို့ကို ပြန်ပို့မယ်ပြောတယ်။ သူတို့ကတော့ တော်တော်အခက်အခဲ ကြုံနေရတယ်။ သူတို့မှာ ဘာမှ မရှိတော့ဘူး။ စားဖို့ နေဖို့ အဝတ်တွေ ဘာတွေလည်းမရှိတော့ဘူး။ နောက် ကျန်းမာရေးပိုင်း တော်တော်လေး အခက်အခဲကြုံနေရတယ်။”

လက်ရှိမှာတော့ ဘင်္ဂလားဒေရှ့် နယ်စပ်တလျောက်က မြန်မာစစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ပြီး နယ်စပ်တလျှောက် ထိန်းချုပ်ထားကြောင်း AA အဖွဲ့က ကြေညာထားပါတယ်။ တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာတွေ အများဆုံးနေထိုင်တဲ့ မောင်တောမြို့ကို သိမ်းပိုက်နိင်ဖို့ ထိုးစစ်ဆင်နေတာကြောင့် နောက်ထပ် နယ်စပ်ဖြတ်ကျော် ထွက်ပြေးသူတွေ တိုးလာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG