ဘင်္ဂလားဒေရှ့်မှာ မြန်မာစစ်တပ်ယူနီဖောင်း နဲ့ စစ်ပစ္စည်းတွေ ဖမ်းမိ

Cox’s Bazar မြို့အနီးက Teknaf ဆိပ်ကမ်း

Bangladesh နိုင်ငံ Cox’s Bazar မြို့အနီးက Teknaf ကုန်းတွင်းဆိပ်ကမ်းတခုမှာ မြန်မာစစ်တပ်ရဲ့ ယူနီဖောင်းတွေအပါအဝင် စစ်သုံးပစ္စည်း အမြောက်အများ သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီထဲမှာ စစ်ယူနီဖောင်းအစုံ ၂၀၀၊ အိတ် ၁၈၀ ကျော်၊ ခါးပါတ် ၄၅၀ ကျော်၊ ဦးထုတ် ၅၀ နဲ့ကျည်အိတ် ၁၈ အိတ်ပါတယ်လို့ The Daily Star သတင်းထဲမှာဖော်ပြထားပါတယ်။ သိမ်းဆည်းလိုက်တဲ့ထဲမှာ ငါးခြောက်၊ မန်ကျည်းစေ့နဲ့ သနပ်ချဉ်တွေလည်း ပါပါတယ်။

မတ်လ ၂၉ ရက်နေ့ညပိုင်းက ဝင်ရောက်ရှာဖွေမှုအတွင်း ဘင်္ဂလားဒေရှ့်ထဲကို ခိုးသွင်းလာတဲ့ ယူနီဖောင်းတွေကို ဖမ်းမိတာလို့ Teknaf ကုန်းတွင်းဆိပ်ကမ်းက အကောက်ခွန်အရာရှိ Mosharraf Hossain Selim ရဲ့အပြောကိုလည်း သတင်းထဲမှာ ကိုးကားရေးထားပါတယ်။

Rahman Trading နဲ့ SR Trading ဆိုတဲ့ ကုမ္ပဏီ ၂ ခုက ငါးခြောက်၊ မန်ကျည်းစေ့နဲ့ သနပ်ချဉ်တွေကို တင်သွင်းတယ်လို့ စာရင်းပြပြီး စစ်ဝတ်စုံတွေကို သွင်းလာတာလို့ဆိုပါတယ်။ အကောက်ခွန်တာဝန်ရှိသူတွေရဲ့ မှတ်တမ်းအရ Bandarban မြို့က Bhu Aung Chakma ဆိုတဲ့လူငယ်တယောက်က စစ်ဝတ်စုံတွေကို တင်သွင်းဖို့ Rahman Trading ကုမ္ပဏီဆီ ပြောင်းရွှေ့လာခဲ့တာလို့ သတင်းမှာဖော်ပြထားပါတယ်။ အဲဒီလူငယ်ကို ဖမ်းဆီးထားတယ်လို့ နယ်ခြားစောင့်တပ် အရာရှိတယောက်ကပြောပါတယ်။ ဒါပေမယ့် Teknaf မြို့ရဲစခန်းအရာရှိကတော့ မြန်မာစစ်ဝတ်စုံတွေ ဖမ်းမိတာကို မသိသလို ရဲလက်ကိုအပ်တဲ့သူ တယောက်မှမရှိဘူးလို့ ပြောတဲ့အကြောင်း The Daily Star သတင်းကပြောပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေရှ့်မှာ မြန်မာစစ်တပ်ယူနီဖောင်း နဲ့ စစ်ပစ္စည်းတွေ ဖမ်းမိ