ဘဏ်စနစ်ကြောင့် ပုဂ္ဂလိကလုပ်ငန်းတချို့ လုပ်ငန်းနှောင့်နှေးမှုကြုံ

ရန်ကုန်မြို့ရှိ CB ဘဏ် ATM တွင် ငွေထုတ်ရန်စောင့်နေသူများ။ မေ ၁၃၊ ၂၀၂၁။

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေ အခု ပြန်လည် လည်ပတ်နေပေမဲ့ ငွေထုတ်ယူနိုင်တဲ့ အခက်အခဲအပါအဝင် ငွေကြေးဝန်ဆောင်မှုတွေကို အရင်လို အပြည့်အဝ ပြန်မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် ဘဏ်နဲ့ချိတ်ဆက် လည်ပတ်ရတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေမှာလည်း လုပ်ငန်းပိုင်းဆိုင်ရာ နှောင့်နှေး ကြန့်ကြာမှုတွေနဲ့ ကြုံနေကြရပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုငြိမ်းချမ်း ကပြောပြပေးမှာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေကြောင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ ယာယီရပ်ဆိုင်းသလောက်ဖြစ်သွားခဲ့ပြီး အခုတော့ ပြန်လည် လည်ပါတ်နေကြပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်တွေကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ အပ်ထားတဲ့ငွေကို လိုသလောက် ပြန်ထုတ် မယူနိုင်တဲ့ အခက်အခဲတွေ ရှိနေဆဲပါ။ ဒါတင်မက လုပ်ငန်းသုံးချေးငွေ၊ အိမ်ယာချေးငွေ၊ ငွေအလွှဲအပြောင်း၊ နိုင်ငံခြားငွေကြေး အရောင်းအဝယ် ဒီလိုဝန်ဆောင်မှုတွေကို အကန့်အသတ်နဲ့ပဲ ဘဏ်တွေက လုပ်ပေးနေပါတယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်ရေး၊ သွင်းကုန်ထုတ်ကုန်နဲ့ ကုန်စည်ထုတ်လုပ်ရေးပိုင်းမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ရှိနေပါတယ်။ လုပ်ငန်းအခွန်အခ ပေးဆောင်တဲ့ ကိစ္စတွေကို ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်တဲ့နေရာမှာ ပိုပြီးခက်ခဲလာကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်းက ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။

“ဥပမာ ကမ္ဘောဇဘဏ်ထဲမှာ အရင်အကောင့်ထဲမှာ ရှိနေတဲ့ ပိုက်ဆံတွေကို PO cheque (ငွေပေးအမိန့် ချက်လက်မှတ်) ဝယ်ဖို့အတွက်ကို မြန်မာ့ စီးပွားရေးဘဏ်ကို လွှဲမယ်ဆိုရင် ပြီးခဲ့တဲ့ ၂ ပတ်လောက်က ဆိုရင်တော့ ဗဟိုဘဏ်ဖြတ်ပြီးရင် ချက်ချင်းရတာပေါ့နော်။ အခုက တပတ်ကျော်မှ ရတာတို့ ဘာတို့ကျတော့ ကုန်သွယ်မှု လုပ်တဲ့နေရာမှာ အခွန်ဆောင်တာတို့ ဘာတို့က နည်းနည်း ကြန့်ကြာမှုတွေ ဖြစ်တာပေါ့။”

ပုဂ္ဂလိကဘဏ်တွေမှာ အဓိကဖြစ်နေတဲ့ ငွေထုတ်ဖို့ ခက်ခဲတဲ့ ပြဿနာကြောင့် ငွေပေး၊ ငွေချေလုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေ အခက်အခဲရှိလာတယ်လို့ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ဦးအောင်ရဲဇော်က ပြောပါတယ်။

SEE ALSO: နယ်စပ်သွင်းကုန်ပစ္စည်းဈေး မြင့်တက်

“ဘဏ်ကိစ္စကတော့ မဖြစ်မနေ ဒီ transition ရှိမှပဲ အဆင်ပြေမှာကိုး။ အဓိကက လူတွေက ငွေထုတ်လို့ အဆင်မပြေတဲ့အခါကျတော့ သူတို့ရဲ့ လုပ်ငန်းတွေမှာ ဘယ်လိုမှ မလည်ပတ်တဲ့အနေအထားမျိုး ရောက်နေကြတာကိုး။ တော်တော်များများက ငွေတခုပေးချေမယ် ဆိုတဲ့အခါကျ အောက်ခြေ level တွေက ဘဏ်အကောင့် လိုချင်တာမဟုတ်ဘူး၊ ငွေသား cash လိုချင်တာကိုး။ cash မပေးနိုင်တဲ့အခါကျ အောက်ခြေမှာလည်း မလည်တာတွေ အများကြီး ရှိတယ်ပေါ့။ အဲဒါမဖြေရှင်းနိုင်ဘူးဆိုရင်တော့ လက်ရှိက ဖြည်းဖြည်းချင်းနဲ့ လူတွေရဲ့ ရပ်တည်မှုတွေ ခက်ခဲလာတဲ့အပိုင်းတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီလိုမျိုး ဖြစ်လာတာပေါ့။”

စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် အခြေအနေ မရေရာမှုနဲ့ မတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေဟာ ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေတွေကို ပြန်ပြီး ထုတ်ယူနေကြပါတယ်။ စုဆောင်းငွေတွေကို ပြန်ထုတ်ယူနေကြတာကလည်း ဘဏ်စနစ်အပေါ် ယုံကြည်မှု မရှိကြတော့လို့ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဗဟိုဘဏ်တာဝန်ရှိသူတွေကတော့ ဘဏ်စနစ်အပေါ် ယုံယုံကြည်ကြည်နဲ့ ငွေတွေ အပ်ထားနိုင်ပါတယ်လို့ ပြောနေပါတယ်။

ဘဏ်တွေကနေ အပ်နှံငွေ ပြန်ထုတ်ဖို့ ခက်ခဲနေတာအပြင် ရွှေဈေး၊ ဒေါ်လာဈေးတွေကလည်း စံချိန်တင်အောင် တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေပါတယ်။ ပြည်ပသွင်းကုန်တွေလည်း ဈေးတက်နေတာပါ။ အထွေထွေကုန်ဈေးနှုန်း တက်လာနေတာက ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာကို ပိုပြီး ဆိုးစေနိုင်တယ်လို့ လေ့လာသူတချို့က ထောက်ပြနေကြပါတယ်။

Your browser doesn’t support HTML5

ဘဏ်စနစ်ကြောင့် ပုဂ္ဂလိကလုပ်ငန်းတချို့ လုပ်ငန်းနှောင့်နှေးမှုကြုံ

[Unicode Version]






SEE ALSO: အခေါက်ရွှေ တကျပ်သား မြန်မာကျပ်ငွေ ၁၇ သိန်းကျော်အထိ ဈေးပေါက်


