သိမ်းပိုက်ခံအနောက်ဘက်ကမ်းခြေ အစ္စရေးလက်အောက်ခံပြုဖို့ Netanyahu ရွေးကောက်ပွဲ ကတိပေး 

စက်တင်ဘာ ၁၇ရက်နေ့မှာ ကျင်းပမယ့် အစ္စရေးနိုင်ငံ ရွေးကောက်ပွဲမှာ သူသာ အနိုင်ရရင် သိမ်းပိုက်ခံ အနောက်ဖက်ကမ်း ဒေသ တစ်စိတ်တစ်ပိုင်းကို အစ္စရေးပိုင်နက်ထဲ ထည့်သွင်းဖို့ အစီအစဉ်ရှိတယ်လို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့က တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ သူက ဂျော်ဒန် လွင်ပြင်နဲ့ ပင်လယ်သေ မြောက်ပိုင်းကို အစ္စရေး အချုပ်အခြာအာဏာပိုင်နက်ထဲ ထည့်သွင်းဖို့စဉ်းစားထားတယ်လို့ ပြောသွားခဲ့တာပါ။ ဒါဟာ အချိန်ကာလ အတော်ကြာမြင့်နေပြီဖြစ်တဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို သိသိသာသာကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။

ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) အမှှုဆောင် ကော်မတီဝင် Hanan Ashrawi က ဘယ်လို နယ်မြေ သိမ်းပိုက်မှုမဆို အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ရရှိမှုကို ပျက်စီးစေမှာ ဖြစ်တယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ပါလက်စတိုင်း ဝန်ကြီးချုပ် Mohammad Shtayyeh ကလည်း အစ္စရေးခေါင်းဆောင်ဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဖျက်ဆီးသူ အဓိက တရားခံ ဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် Netanyahu ရဲ့ ကြေညာချက်ဟာ အနောက်ဖက် ကမ်းက ဂျူး အခြေချ အခြေစိုက် စခန်းတွေကို အစ္စရေး လက်အောင် သွတ်သွင်းဖို့ အရင်က သူ ကတိပြုထားကို ထပ်လောင်း အတည်ပြုလိုက်တာပါ။ဒါပေမဲ့ အချိန် အတော်ကြာ စောင့်ဆိုင်းနေရတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို မထုတ်ပြန်ခင်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မဆွေးနွေးသေးခင် နယ်မြေတွေ သွတ်သွင်းဦးမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

အခုထိတော့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ဒီကိစ္စ ဝေဖန်ချက်ပေးတာ မရှိသေးပါဘူး။ ဒါပေမဲ့ သမ္မတ ထရမ့် အစိုးရဟာ အနောက်ဖက် ကမ်း တစ်စိတ်တစ်ဒေသ အစ္စရေးနယ်မြေထဲ ထည့်သွင်းဖို့အရေး သဘောထားကို လက်သင့်ခံထားခဲ့ပါတယ်။

Your browser doesn’t support HTML5

သိမ်းပိုက်ခံအနောက်ဘက်ကမ်းခြေ အစ္စရေးလက်အောက်ခံပြုဖို့ Netanyahu ရွေးကောက်ပွဲ ကတိပေး