ကန်အဆင့်မြင့်လုံခြုံရေးအဖွဲ့ကို အင်အားတိုးဖို့ သမ္မတ Biden တိုက်တွန်း

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှအထွက် သတင်းထောက်များနဲ့ တွေ့ဆုံစဥ်။ (စက်တင်ဘာ ၂၆၊ ၂၀၂၄)

U.S Secret Service အမေရိကန်ပြည်ထောင်စု အဆင့်မြင့်လုံခြုံရေးအဖွဲ့အနေနဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ လုံခြုံရေးအရာရှိတွေ ပို လိုအပ်နေတယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။

ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump ကို နှစ်လအတွင်းမှာပဲ ဒုတိယမြောက် လုပ်ကြံဖို့ကြိုးစားမှုဖြစ်ပြီးတဲ့နောက် နိုင်ငံရဲ့အဆင့်မြင့် တာဝန်ရှိသူတွေကို လုံခြုံရေးယူပေးနေတဲ့ Secrete Service အဖွဲ့အတွက် လုံခြုံရေးအရာရှိတွေ ပိုလိုအပ်ဖွယ်ရှိပြီး ဒီလိုအပ်ချက်ကို အမေရိကန်လွှတ်တော်က ဖြည့်ဆည်းပေးဖို့ သမ္မတ Biden က သမ္မတအိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သမ္မတဟောင်း Trump ဘေးကင်းလုံခြုံခဲ့တဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်တယ်လို့ သမ္မတဘိုင်ဒန်ကပြောခဲ့သလို ပြိုင်ဖက် ဒီမိုကရက်တစ်သမ္မတလောင်း Kamala Harris ကလည်းအကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ် West Palm Beach မှာ တနင်္ဂနွေနေ့က သမ္မတဟောင်း Trump ဂေါ့ဖ်ကစားနေစဉ် အနီးက ခြုံပုတ်တခုကနေ သေနတ်သမားကို Secrete Serve လုံခြုံရေးအရာရှိက တွေ့ရှိခဲ့တာပါ။ အဲဒီမှာပဲ သေနတ်သမားကို လေးချက်ထက်မကပစ်ခတ်ခဲ့ပြီး အသက် ၅၈ နှစ်အရွယ်သေနတ်သမားက AK အမျိုးအစား သေနတ် GoPro ကင်မရာတို့ကိုထားပြီး ကားနဲ့ထွက်ပြေးခဲ့ပါတယ်။

ဒါပေမယ့် အနီးအနားမှာပဲ ဒေသရဲအရာရှိတွေက သေနတ်သမားကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သေနတ်သမားကို စတွေ့တဲ့နေရာနဲ့ သမ္မတဟောင်း Trump ရှိတဲ့နေရာက သိပ်မဝေးတာကြောင့် သမ္မတဟောင်း Trump အတွက် အန္တရာယ်အလွန်ကြီးတဲ့အခြေအနေမှာ ရှိခဲ့တယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတဟောင်း Trump ဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၁၃ ရက်နေ့ကလည်း Pennsylvania ပြည်နယ်မှာ ရွေးကောက်ပွဲစည်းရုံးရေးပွဲတခုအတွင်း ပစ်ခတ်ခံခဲ့ရပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

ကန်အဆင့်မြင့်လုံခြုံရေးအဖွဲ့ကို အင်အားတိုးဖို့ သမ္မတ Biden တိုက်တွန်း