အင်ဒိုပစိဖိတ်ညှိနှိုင်းရေးမှူး Kurt Campbell ကို ဒုနိုင်ငံခြားရေးဝန်ကြီး အဆိုပြု

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာညှိနှိုင်းရေးမှူး Kurt Campbell

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာညှိနှိုင်းရေးမှူး Kurt Campbell ကို နိုင်ငံခြားရေးဌာနရဲ့ဒုတိယမြောက်အကြီးဆုံး ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် သမ္မတ Joe Biden က အဆိုပြုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အင်ဒိုပစိဖိတ်ဒေသတွင်း မဟာမိတ်နဲ့မိတ်ဖက်ကွန်ယက် စုစည်းနေချိန်နဲ့တိုက်ဆိုင်ပြီး အရေးကြီးတဲ့ အလှည့်အပြောင်းကာလတရပ်မှာ Mr.Campbell ကို အခုလို သမ္မတက အဆိုပြုလိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံခြားရေးဌာနဝန်ထမ်းတွေကို ပေးပို့တဲ့စာကို ဗွီအိုအေက ရရှိခဲ့ပါတယ်။ သူ့ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုပေးပြီးရင်တော့ လာမယ့် ဇူလိုင် ၂၈ ရက်နေ့မှာ အငြိမ်းစားယူမယ့် လက်ရှိ ဒုနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နေရာမှာ ဒုနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူရမှာဖြစ်ပါတယ်။

Mr.Campbell ဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးကလင်တန်လက်ထက် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို ၂၀၁၂ ခုနှစ် မြန်မာသမ္မတ ဦးသိန်းစိန်လက်ထက် မြန်မာအစိုးရနဲ့ ထိစပ်ဆက်ဆံရေးမူဝါဒမှာ အဓိကနေရာက ပါဝင်ဆောင်ရွက်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ အဆင့်အမြင့်ဆုံး အမေရိကန်အရာရှိတဦးအနေနဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရော အဲဒီအချိန် စစ်အစိုးရ ဝန်ကြီးချုပ်တာဝန်ယူနေသူ ဦးသိန်းစိန်ကိုပါ တွေ့ဆုံခဲ့ပါတယ်။

Your browser doesn’t support HTML5

အင်ဒိုပစိဖိတ်ညှိနှိုင်းရေးမှူး Kurt Campbell ကို ဒုနိုင်ငံခြားရေးဝန်ကြီး အဆိုပြု