သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Joe Biden အစိုးရအပေါ် မြန်မာဘက်က ထားရှိတဲ့ မျှော်လင့်ချက် 


အမေရိကန်သမ္မတသစ် Joe Biden မိန့်ခွန်းပြော
အမေရိကန်သမ္မတသစ် Joe Biden မိန့်ခွန်းပြော

(Zawgyi/Unicode)

အမေရိကန်သမ္မတသစ် Joe Biden အစိုးရလက်ထက်မှာ၊ မြန်မာနိုင်ငံကိစ္စအပေါ် အဓိကမျှော်လင့်နိုင်တာတွေကို အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး၊ နောက် ရွေးကောက်ပွဲအနိုင်ရ အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရနဲ့၊ ရခိုင်ပြည်နယ်က အဓိက ပါတီခေါင်းဆောင်တစ်ဦးကို ကိုဝင်းမင်းက မေးရာမှာ သံအမတ်ကြီး ဦးအောင်လင်းက အခုလိုစရှင်းပြပါတယ်။

“ဒီအခမ်းအနားကို ကျနော်တက်ရောက်ခွင့် ရခဲ့ပါတယ်။ သမ္မတ Biden ဟာဆိုရင်တော့ အမေရိကန်နိုင်ငံမှာ အခုရင်ဆိုင်နေရတဲ့ စည်းလုံးညီညွတ်ရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ နောက် ကျန်းမာရေးကိစ္စ တွေကို ပြည်သူတွေနဲ့အတူတူ ရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့ဟာကို အဓိကထားပြီးတော့ ပြောသွားတယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာဆက်ဆံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောသွားတာတွေရှိပါတယ်။ အမေရိကန်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံလည်းဖြစ်တယ်။ ဦးဆောင်ဦးရွက်ပြုတဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံကလည်း သူ့မိန့်ခွန်းကို အလေးထားပြီးတော့ ကျနော်တို့ နားထောင်ခဲ့ပါတယ်။”

အခုလို ရွေးကောက်ပွဲအပြီး အားလုံး စည်းစည်းလုံးလုံး ပြန်လုပ်ကြဖို့ အဓိက ပြောခဲ့တာက မြန်မာနဲ့ တခြားနိုင်ငံတွေအတွက်လည်း နမူနာ ယူစရာဖြစ်တယ်လို့ ဦးအောင်လင်းက ဆက်ပြောပြီး အခု သမ္မတ Biden ပြောခဲ့သလို ဆွေးနွေးဆုံးဖြတ်ရာမှာ သူ့အမေမှာခဲ့သလို တခြားသူတွေက်က ရှု့မြင်ပြီးလုပ်မယ်ပြောတာက မြန်မာအတွက်လည်း အထောက်အကူ ပြုနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီတော့ အခုလို သမ္မတသစ် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် အဓိက ဘာတွေ ဆွေးနွေးလာနိုင်ပါသလဲလို့ မေးရာမှာ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်က -

“သမ္မတသစ်က လူ့အခွင့်အရေးကို ဦးစားပေးတယ်၊ အဲဒီတော့ ရခိုင်ပြည်မြောက်ပိုင်းအရေးမှာ ဒီနေထိုင်ခဲ့တဲ့သူတွေ ပြန်လည်လာရောက်ရေး ပိုပြီးတော့ အလေးအနက်ထား တောင်းဆိုတာတွေ ရှိလာနိုင်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေကို နားလည်တဲ့ တာဝန်ရှိသူတွေကို ခန့်ထားတဲ့အတွက် မူဝါဒချမှတ်သူတွေ သဘောပေါက်အောင် တင်ပြနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။”

အခုလို မြန်မာ့အရေး ကျွမ်းကျင်သူတွေ ဥပမာ- အရင်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကိုယ်တိုင် အခု NSC အမျိုးသားလုံခြုံရေးကောင်စီ အဖွဲ့ဝင်ဖြစ်လာတာအပြင် သမ္မတ Biden ကိုယ်တိုင်လည်း ရင်းနှီးမှုရှိခဲ့တယ်လို့ သံအမတ်ကြီး ဦးအောင်လင်းက ထောက်ပြပါတယ်။

“ သမ္မတ Joe Biden က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ၂၀၁၆ တုန်းက အမေရိကန်နိုင်ငံကို လာရောက်ခဲ့စဉ်တုန်းက ဒုတိယ သမ္မတအနေနဲ့ သူ့အိမ်မှာ မနက်စာနဲ့ တွေ့ဆုံခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ နောက် Kurt Campbell ဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်တယ်လို့ ယူဆတဲ့အထဲမှာ တခြားလူတွေထက်ပိုပြီးတော့ နားလည်ပြီးတော့ ဓမ္မဓိဋ္ဌာန် ကျကျ စဉ်းစားတတ်တယ်။ သူဟာဆိုရင် မြန်မာနိုင်ငံကို ၂၀၀၉ ခုနှစ်တုန်းက တပ်မတော် အစိုးရခေတ်တုန်းက သွားရောက်ခဲ့တဲ့ အဆင့်အမြင့်ဆုံး အမေရိကန် အစိုးရ ဝန်ထမ်းတယောက်ဖြစ်ပါတယ်။ သူသွားပြီးတဲ့ နောက်ပိုင်းမှာ အမေရိကန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။”

အဲဒီတော့ အခုလို အရင်က သိကျွမ်းခဲ့တာတွေကြောင့် အဓိကဆွေးနွေးလာနိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာ မွတ်ဆလင်ဒုက္ခသည်အရေးကို ဘယ်လိုမျှော်လင့်ထားပါသလဲလို့ မေးရာမှာ သံအမတ်ကြီး ဦးအောင်လင်းကပဲ -

“အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြေရှင်းဖို့အတွက် ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ နောက်ဒီအသိုင်းအဝိုင်း ၂ ခုကြားမှာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ဖို့ ကိစ္စတွေရယ်၊ ဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စတွေက ဘာတွေလုပ်နေသလဲဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်အစိုးရကိုလည်း ဆက်ပြီးတော့ ကျနော်တို့ ပြောဖို့ရှိပါမယ်။ အခု မြန်မာနိုင်ငံကို မနေ့တနေ့ကပဲ သံအမတ်ခန့်အပ်လွှာပေးခဲ့တဲ့ သံအမတ်ကြီး Thomas Vajda ဆိုရင်လည်း မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူ ဖြစ်တဲ့အပြင်ကို တောင်အာရှဒေသမှာ တာဝန်ကျတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသအခြေအနေကိုလည်း သိရှိထားသူဖြစ်ပါတယ်။ မြန်မာခေါင်းဆောင်တွေကလည်း သူ့ကို ရခိုင်ဒေသမှာ နေထိုင်တဲ့ မွတ်ဆလင်တွေကိစ္စအပါအဝင် တခြား ဖွံ့ဖြိုးရေးကိစ္စ၊ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ကိစ္စ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ ကိစ္စတွေကိုလည်း ရှင်းပြမှာ ဖြစ်ပါတယ်။”

ဒီအပေါ် ရခိုင်ပြည်နယ်မှာ မဲအများဆုံးနိုင်ထားတဲ့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်နဲ့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦး ဦးလှစောက-

“ရွေးကောက်ပွဲပြီးတဲ့အခါမှာ ဒီရခိုင်တပ်မတော်နဲ့ တပ်မတော်နဲ့ ကြားထဲမှာ တစုံတရာပေါ့လေ ၊ နားလည်မှုတခုနဲ့ ပစ်ခတ်ရပ်စဲလိုက်တယ်ဆိုတော့ အဲဒီအချိန်မှာပဲ အမေရိကန်မှာလည်း အစိုးရသစ် တက်လာတယ်ဆိုတော့ ငြိမ်းချမ်းရေး ပြဿနာကို အခိုင်အမာ လုပ်နိုင်တယ်ဆိုရင် အစိုးရတရပ် လုပ်နိုင်တယ်ဆိုရင်ဆိုရင် နောက်ဆက်တွဲ မွတ်ဆလင်ပြဿနာတွေကိုလည်း တဆက်တည်း ကိုင်တွယ်နိုင်မယ်လို့ထင်တယ်။ အဲဒီတော့ အမေရိကန် ဘက်က စိတ်ဝင်စားနိုင်တယ်ဆိုရင်တော့ ကောင်းပါတယ်။”

ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရဘက်ကတော့တရားဝင်လက်ခံထားခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်


..............


(Unicode)











XS
SM
MD
LG