သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ် Biden အစိုးရလက်ထက် မြန်မာနဲ့ဆက်ဆံရေး ပိုကောင်းလာနိုင်မလား


သမ္မတသစ် Joe Biden ကျမ်းသစ္စာ ကျိန်ဆို
သမ္မတသစ် Joe Biden ကျမ်းသစ္စာ ကျိန်ဆို

(Zawgyi/Unicode)

အမေရိကန် သမ္မတသစ် Joe Biden အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ လတ်တလော ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာအရေးအပြင်၊ ရေရှည် စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်ပါ အမေရိကန်ဘက်က ပူးပေါင်းဆောင်ရွက်မူ လမ်းမှန်ပေါ်ပြန်ရောက်လာနိုင်တယ်လို့၊ အမေရိကန်အဆင့်မြင့် သံအရာရှိဟောင်းတွေကဆိုပါတယ်။

မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဆင့်မထားနိုင်မီ အဆင့်အမြင့်ဆုံးသံမှူးကြီးအဖြစ် လုပ်ဆောင်ခဲ့သူ Priscilla Clapp နဲ့၊ သံအမတ်ကြီးဟောင်း Derek Mitchell တို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

အမေရိကန်သံမှူးကြီးဟောင်း Priscilla Clapp က အရင် အာရှပစိဖိတ်ဒေသတွင်းက ဂျပန်၊ တောင်ကိုရီးယားနဲ့ အာဆီယံအပါအဝင် မဟာမိတ်တွေနဲ့ အရင်အစိုးရကြောင့် အားနည်းခဲ့တဲ့ဆက်ဆံရေး ပုံမှန်ပြန်တည်ဆောက်ဖို့ရှိပေမယ့် တရုတ်သမ္မတရဲ့ တင်းမာမူကြောင့် အဓိကဖြစ်တဲ့ ဆက်ဆံရေးကတော့ ဆက်ပြဿနာဖြစ်နိုင်တာမို့ မြန်မာအပေါ်လည်းသွယ်ဝှိက်ရိုက်ခတ်မှု ရှိနိုင်တယ်လို့ အခုလို စရှင်းပြပါတယ်။

“ဘာကြောင့်လဲဆိုတော့ မြန်မာက တရုတ်ရဲ့ အရေးပါဆုံး အိမ်နီးချင်းတွေထဲက တနိုင်ငံဖြစ်နေလို့ပါ၊ အနောက်နိုင်ငံတွေbက်ကကြည့်ရင် မြန်မာက တရုတ်နဲ့နယ်စပ်ချင်းလည်း အများဆုံးကပ်နေတဲ့ နိုင်ငံတွေထဲတစ်ခုဖြစ်သလို၊ စီးပွားရေးအရလည်း အရေးပါတဲ့ချိတ်ဆက်မူတွေ လတ်တလော အများကြီးရှိလာနေပါတယ်။”

ဒါ့အပြင်Priscilla Clapp ကပဲ အခုအစိုးရသစ်လက်ထက်မှာ အာရှအရေးကိုပါ မဟာဗြူဟာအရ ကျွမ်းကျင်တဲ့ အရင်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း Kurt Campbell လည်း အခု NSC အမျိုးသားလုံခြုံရေး ကောင်စီအဖွဲ့မှာ ပါလာတာမို့ မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးအတွက် အဖြေရေးပါ ကူညီနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တရုတ်ဘက်ကလည်း ဘင်္ဂလားဒေ့ရှ့်အပါအဝင် မြန်မာအစိုးရနဲ့ပါ ၃ ပွင့်ဆိုင် ဆွေးနွေးပြီး ဒီ ရိုဟင်ဂျာဒုက္ခသည်တွေ အိမ်ပြန်လာနိုင်ရေး လုပ်ဆောင်ပေးနေတာမို့ ထိပ်တိုက်အခက်အခဲဖြစ်နိုင်ပါသလားလို့ မေးရာမှာ သံအမတ်ကြီးဟောင်း Derek Mitchell က ဒါက super power ပြိုင်မယ့်အရေးမဟုတ်ပဲ မြန်မာ့အရေးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့ဒီတော့ ရိုဟင်ဂျာအရေးမှာ တရုတ်လုပ်နေတာတွေက တစုံတရာ အထောက်အကူပြုတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ ကြိုဆိုမှာပါ။ ဒါပေမဲ့ အခုလိုလုပ်ငန်းစဉ်မျိုးကနေ အမေရိကန်ကို တစုံတရာ ကန်ထုတ်ထားမယ်၊ မြန်မာအရေးရော၊ ရခိုင်အရေးမှာပါ တနိုင်ငံတည်း ချုပ်ကိုင်ဖို့လုပ်မယ်ဆိုရင်တော့ စိုးရိမ်မူဖြစ်စေမှာပါ။ “

ဒါ့အပြင် အခုလို အစိုးရသစ်မှာ မြန်မာ့ အရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေကို နီးနီးကပ်ကပ်ဆောင်ရွက်ခဲ့သူ တဦးဖြစ်တဲ့ အရင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power လည်း USAID ခေါ် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီအဖွဲ့ကို ဦးဆောင်မှာမို့ မြန်မာ့ရေရှည်ဖွံ့ဖြိုးရေး ကိစ္စပါ ပိုကူဖို့ ဖြစ်နိုင်တယ်လို့ Priscilla Clapp က ဆိုပါတယ်။

Priscilla Clapp ကဆက်ပြီး ဘင်္ဂလားဒေ့ရှ်မှာ အခု သောင်တင်ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာနိုင်ရေး အလားအလာကောင်းတခုကတော့ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ ပြောင်းလဲမှုပါလို့ အခုလို ရှင်းပြပါတယ်။

“အခု ရခိုင်ပြည်နယ်က စစ်ပွဲဒဏ်ခံနေရတဲ့ ပြည်နယ်ပါ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ တကယ့်ကို ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာပါ။ ဒါကြောင့်မို့ ဒီပြည်ပရောက်နေသူတွေ ပြန်ခေါ်ဖို့ကိစ္စမှာ ရပ်တန့်နေခဲ့ပါတယ်။ အခုမကြာခင် လပိုင်းတွေအတွင်း ထိရောက်တဲ့ အပစ်ရပ်မူတွေဖြစ်လာတာ တကယ့်ကိုဝမ်းသာစရာပါ။ ဒါကို ရေရှည်ခံပြီး ငြိမ်းချမ်းရေးရအောင်၊ ဖွံဖြိုးတိုးတက်အောင်အထိ ဆက်လုပ်ရမှာပါ။ ဒီလိုဖွံ့ဖြိုးရေးလုပ်ငန်းမှာ အမေရိကန်အနေနဲ့ အတူတွဲကူညီပေးနိုင်ပါတယ်။”

ဒါပေမယ့် သံအမတ်ကြီးဟောင်းနဲ့ လက်ရှိမှာ National Democratic Institute (NDI) ခေါ် ဒီမိုကရေစီထွန်းကားရေး NGO အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ဖြစ်နေတဲ့ Derek Mitchell ကတော့ COVID အများဆုံးခံခဲ့ရတဲ့ အမေရိကန်မှာလည်း သူ့ပြဿနာနဲ့ သူမို့ အများကြီးတော့ မမျှော်လင့်ထားစေချင်ဘူးလို့ အခုလို ရှင်းပြပါတယ်။

“တစုံတရာ ကူညီတာမျိုး ဖြစ်လာမှာပါ။ ဒါပေမဲ့ အမေရိကန်မှာ အရင် ၄၊ ၅ နှစ်တုန်းကလို အခြားတိုင်းပြည် စီးပွားဖွံ့ဖြိုးမူကို ဦးစားပေးနိုင်တဲ့အားသာချက်မျိုး မရှိတော့ဘူးဆိုတာ နားလည်ထားသင့်ပါတယ်။ နိုင်ငံထဲ ဦးစားပေးစရာတွေများလာနေတော့၊ တကမ္ဘာလုံးနဲ့ မြန်မာပြည်သူတွေ၊ နားလည်စေချင်ပါတယ်။ ဒါပေမဲ့ မြန်မာဘက်ကနေ ရင်းနှီးမြုပ်နှံမူ အခြေအနေကောင်းတွေ ဖန်တီးပေးရင်တော့၊ အမေရိကန်သံအမတ်သစ်နဲ့ Biden အစိုးရသစ် ကလည်း ကြိုဆိုမှာ သေချာပါတယ်။ နှစ်နိုင်ငံစီးပွားပူပေါင်းဆောင်ရွက်မူ လမ်းမှန်ပေါ်ပြန်ရောက်လာပြီး၊ ဘက်စုံပူးပေါင်းမူဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။”

Derek Mitchell ကပဲ သမ္မတ Biden အစိုးရသစ်မှာ မြန်မာနဲ့ နီးစပ်သူတွေ ပါလာတာမို့ ပြန်သုံးသပ်မှုတွေ စလုပ်နေကြပေမယ့် အရင်နဲ့တော့ တခုလုံးအခြေအနေ မတူတော့ဘူးလို့ ဆိုပါတယ်။

“အရင်အိုဘားမားအစိုးရ လက်ထက်တုန်းကတော့ အထူးအလေးထားတဲ့ ဒီမိုကရေစီ အပြောင်းအလဲ ကိစ္စတွေရှိနေခဲ့တယ်လေ၊ အခုတော့ တခြားကိစ္စတွေများမြှောင်လာနေတာအတွက် သူတို့ အချိန်ပေးရဦးမှာပါ။”

မြန်မာအစိုးရဘက်ကတော့ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားပါဘူး။

တိုက်ရိုက် လင့်ခ်


................


(Unicode)















XS
SM
MD
LG