ပုလော ကျောက္ကာ စက်လှေတိမ်းမှောက်မှု ၁၇ လောင်း ဆယ်ယူရရှိ

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ကျောက္ကာရွာအနီးက ကပ္ပလီပင်လယ်ပြင်မှာ စက်လှေမှောက်ပြီး သေဆုံးသွားသူများရဲ့ ရုပ်အလောင်းတွေနဲ့ ကျန်ရစ်သူ မိသားစုဝင်များကို တွေ့ရစဉ် (အောက်တိုဘာ ၂၂၊ ၂၀၂၄)

ပုလောမြို့နယ်၊ ကျောက္ကာရွာကနေ မြိတ်ကိုသွားမယ့် စက်လှေတိမ်းမှောက်မှု သေဆုံးသူ ၁၇ လောင်း ဆယ်ယူရရှိထားတယ်လို့ ရှာဖွေနေသူတွေက VOA ကို ပြောပါတယ်။ ပုလောမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ကားလမ်းပုံမှန်အသုံးပြုမရချိန်မှာ ရေလမ်းကြောင်းကနေ သွားလာကြရင်း လူအယောက် ၉၀ ကျော် လှေမှောက်တဲ့အခြေအနေ ကြုံတွေ့ခဲ့ရတာပါ။ စက်လှေတိမ်းမှောက်ခဲ့တဲ့ ကပ္ပလီပင်လယ်ပြင်ထဲ ပျောက်ဆုံးသူတွေကိုလည်း ဆက်လက် ရှာဖွေနေကြဆဲ နောက်ဆုံးအခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ကျောက္ကာရွာအနီးက ကပ္ပလီပင်လယ်ပြင်မှာ စက်လှေမှောက်လို့ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေကြဆဲဖြစ်ပါတယ်။ ဒီကနေ့အောက်တိုဘာလ ၂၂ရက်နေ့ အင်္ဂါနေ့ နေ့လည်အထိမှာ ရုပ်အလောင်း ၉ လောင်း ထပ်မံဆယ်ယူရရှိနိုင်ခဲ့တဲ့အတွက် ပျောက်ဆုံးနေသူတွေထဲက စုစုပေါင်း ၁၇ ဦးရဲ့ ရုပ်အလောင်းကိုပဲ ဆယ်ယူရရှိခဲ့တယ်လို့ကူညီကယ်ဆယ်ပေးသူတွေကပြောပါတယ်။

တိမ်းမှောက်သွားတဲ့စက်လှေကို အခုချိန်အထိ ရှာဖွေမတွေ့သေးသလို ဒီကနေ့ ဆယ်ယူရရှိတဲ့အလောင်းတွေကတော့ အသက် ၄ နှစ်ကနေ ၁၇ နှစ်အရွယ်ရှိတဲ့ ကလေးအလောင်းတွေ ဖြစ်တယ်လို့ ကူညီရှာဖွေခဲ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။

"ဒီနေ့က ၉ ဦးပဲ တွေ့သေးတယ်။ အခုညနေ ထပ်ရှာဖို့ လုပ်နေတယ်။ မနေ့က ၈ ဦးပါပဲ။ စက်လှေက မတွေ့သေးဘူး။ အဓိက ကျနော်တို့ စက်လှေတွေ့ရင်တော့ အခုပျောက်ဆုံးနေတဲ့ သူတွေကို စက်လှေရဲ့ဝမ်းထဲမှာ ရှိမယ်လို့ ကျနော်တို့က ခန့်မှန်းတယ်။ အဲတော့ စက်လှေတွေ့ဖို့ လိုနေတာ။ အခုလောလောဆယ် အထိတော့ မတွေ့သေးဘူး။ ရေက တက်လိုက်ကျလိုက်နဲ့ ရေလည်း မငြိမ်ဘူးဆိုတော့လေ။"

စက်လှေမှောက်တဲ့အထဲမှာ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သူတချို့ရှိပြီး အဲ့ဒီ့အထဲကမှ (၉)ဦးက ကျောက္ကာဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။ ပျောက်ဆုံးနေဆဲ ခရီးသည်အများစုကတော့ တိမ်းမှောက်သွားတဲ့ စက်လှေနဲ့ပါ တပါတည်း နစ်မြုပ်သွားတဲ့အတွက် အခုထိ အရေအတွက်ကို အတိအကျသိနိုင်ဖို့ခက်ခဲပြီး အလောင်းတွေ ရှာမရသေးဘူး လို့ ဆက်ပြောပြပါတယ်။

"စုစုပေါင်း ခရီးသည် ၉၀ ကျော်လောက်တော့ ခန့်မှန်းတယ်ပေါ့နော်။ ခရီးသည်တွေကို လက်မှတ်ဖြတ်ပြီး ရောင်းထားတာ မဟုတ်တဲ့ အတွက်ကြောင့် အတိအကျတော့ လုံးဝမခန့်မှန်းနိုင်ဘူး။ ခန့်မှန်းခြေ အဲလောက် ဝန်းကျင်လောက်တော့ ရှိနိုင်တယ်ပေါ့ အဲလိုခန့်မှန်းတာ။ အသက်ရှင်တဲ့ဦးရေ၊ ပျောက်ဆုံးနေတဲ့ ဦးရေနဲ့ အခု Dead Body ပြန်တွေ့တဲ့ ဦးရေနဲ့ကို တွက်ပြီးတော့ ၉၀ ကျော်၊ ၁၀၀ ဝန်းကျင်လောက်တော့ ရှိမယ်ဆိုပြီး ခန့်မှန်းခြေတွက်ထားတာ။"

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ကျောက္ကာရွာအနီးက ကပ္ပလီပင်လယ်ပြင်မှာ စက်လှေမှောက်ပြီး သေဆုံးသွားသူတဦးကို ဆယ်ယူနေစဉ် (အောက်တိုဘာ ၂၂၊ ၂၀၂၄)

အောက်တိုဘာလ ၂၀၊ တနင်္ဂနွေနေ့ ည ၁၀ နာရီဝန်းကျင်မှာ ကျောက္ကာရွာကနေ ခရီးသည်စုစုပေါင်း ၉၀ ကျော်ကို တင်ဆောင်လာတဲ့ စက်လှေတစီးမှောက်ပြီးတော့ နစ်မြုပ်သွားခဲ့တာပါ။ အဲဒီစက်လှေမှာ ကျောင်းသား၊ ကျောင်းသူနဲ့ ဒေသခံတွေအပြင် စစ်ဘေးရှောင်သူတွေလည်း ပါဝင်ပါတယ်။

ပုလောမြို့ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေပါ တိုက်ခိုက်နေတဲ့ ပြင်းထန်နေတဲ့ တိုက်ပွဲအခြေအနေကြောင့် ကားလမ်းကနေ သွားလာဖို့ အဆင်မပြေလို့ ရေကြောင်းကို အသုံးပြုချိန်မှာ အခုလို စက်လှေမှောက်ပြီး ပျောက်ဆုံးသူ တော်တော်များများ ရှိနေတယ်လို့ ပြောပြပါတယ်။

"အရင်ကဆို ကျောက္ကာကနေပြီးတော့ ပလမြို့ လှေဆိပ်ရှိတယ်ဗျာ။ အဲဒီ လှေဆိပ်ကနေပြီးတော့ ကားနဲ့ မြိတ်ကိုလာကြတာ။ အဲလိုလာတဲ့ လူကများတယ်။ လှေစီးတဲ့ လူကနည်းတယ်။ အခုတိုက်ပွဲတွေဖြစ်တော့ ကားလမ်းတွေက ပိတ်ထားတော့ ကားနဲ့သွားလို့မရတော့ လှေနဲ့သွားတဲ့ပုံစံ ဖြစ်သွားတာပေါ့နော်။ ပလမြို့နဲ့ မြိတ်မြို့ကြား ကြဲနည်းနည်းအလွန်မှာ တိုက်ပွဲဖြစ်ပြီးတော့ လမ်းကပိတ်ထားတော့ ဖြတ်လို့မရဘူးဆိုတော့ ပလမြို့ကိုဝင်လို့ မရဘူးဗျာ။ ဝင်လို့မရတော့ ကားလမ်းနဲ့ လာလို့မရဘူး။ အဲတော့ ရေလမ်းနဲ့ပဲ မြိတ်ကိုတိုက်ရိုက် လှေနဲ့လာကြတာပေါ့။"

စစ်ဘေးရှောင်တွေကလည်း သူတို့ရဲ့ ဒေသမှာ တိုက်ပွဲဖြစ်လို့ မြို့ပေါ်ပြောင်းချိန်မှာ စက်လှေစီးရင်း အခုလိုကြုံတွေ့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အောက်တိုဘာလ ၁၆ ရက်နေ့က စစ်ကောင်စီဘက်က ပုလောမြို့နယ်ထဲက ကြဲရွာကို လေကြောင်းကနေ တိုက်ခိုက်ပြီးတဲ့နောက် တိုက်ပွဲတွေ ပြင်းထန်လာတာပါ။

ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တဲ့အတွက် တနင်္သာရီတိုင်း မြိတ်နဲ့ ပုလောသွားတဲ့ ကားလမ်းမကြီးမှာလည်း ကားတွေ ရှေ့မတိုး နောက်မဆုတ်သာဘဲ ပိတ်မိနေကြတဲ့အချိန် အခုလို ရေလမ်းကနေ ခရီးသွားလာနေ ကြရတဲ့ အခြေအနေဖြစ်နေတာပါ။ မြိတ် ကျောက္ကာစက်လှေတိမ်းမှောက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။