ကရင်ပြည်နယ်၊ ဘားအံမြို့အထွက် သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲတာကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။ စစ်တပ် ဝန်ထမ်း၊ ယာဉ်ထိန်းရဲနဲ့ အရပ်သား စုစုပေါင်း ၁၀ ဦးကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး တံတားကိုတော့ နာရီပိုင်းလောက် ပိတ်ခဲ့ရပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့အထွက် တရုတ်လှကျေးရွာဘက်အခြမ်းမှာ ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နံနက် ၆ နာရီ ၅၀ မိနစ်ဝန်းကျင်လောက်က ဘားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ အကြီးစား ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဒီပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး စစ်တပ် ဝန်ထမ်း၊ ယာဉ်ထိန်းရဲတချို့နဲ့ အရပ်သားတွေ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ဒီလို သေဆုံး ဒဏ်ရာရမှုနဲ့ပတ်သက်လို့ ဘားအံမြို့နယ် ထဲက မေတ္တာရှင် ပရဟိတအသင်းရဲ့အတွင်းရေးမှူး ဦးရန်မျိုးအောင်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
"အရပ်သားတယောက် သေသွားတယ်။ အဲဒီကားက လီဗာကို ခဲလုံးတင်ထားတယ်လို့ ယူဆရတယ် ပြောတယ်။ တခြားကားကို ဝင်ဆောင့်တဲ့ အခါမှာ ယာဉ်ထိန်းရဲက အဲဒီကားတံခါးကို ဖွင့်လိုက်တာ။ ဖွင့်တဲ့ ယာဉ်ထိမ်းရဲ ကတော့ အဲဒီလောက်မဆိုးဘူး။ ပေါက်ကွဲမှုကြောင့်တော့ အဲဒီဘေးက ဘေးတွဲ (ဆိုင်ကယ်ဘေးတွဲ) သမားတယောက် သေသွားတယ်။ ကျန်တာတွေကတော့ ဒဏ်ရာတွေ ရသွားတယ်။"
အမည်မဖော်လိုတဲ့ စစ်တပ်နဲ့ နီးစပ်သူ တဦးကတော့ ပေါက်ကွဲမှုကြောင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က တပ်ကြပ်ကြီးတဦး ခေါင်းကိုထိပြီး စိုးရိမ်ရတယ်လို့ ပြောပါတယ်။ ကျန်တာကတော့ ရဲ ဒုတပ်ကြပ်တဦး ရဲတပ်သားတဦး၊ ယာဉ်ထိန်းအဖွဲ့က ရဲတပ်ကြပ်ကြီးတဦး၊ ရဲတပ်သားတဦး ဆက်သွယ်ရေး တပ်က တပ်ကြပ်တဦး တပ်သားတဦးနဲ့ ကျန်တာကတော့ သာမန်အရပ်သား ထိခိုက်ဒဏ်ရာရသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
အရပ်သားတဦးကတော့ သေဆုံးပြီး အရပ်သား ၃ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာ ရကြတယ်လို့ပြောပါတယ်။ ဒဏ်ရာရသူတွေကိုတော့ လူနာတင်ကားတွေနဲ့ သယ်ဆောင်ပြီး တောင်ကလေး စစ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူတွေရဲ့ လက်ချက်ဖြစ်တယ် ဆိုတာ ထုတ်ပြန်တာမရှိသေးသလို ဒေသအလိုက် သက်ဆိုင်ရာ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
သံလွင်တံတား စစ်ဆေးရေးဂိတ်ဟာ အသွားအလာများတဲ့ ဂိတ်ကြီးတခု ဖြစ်ပြီး မြဝတီ−ရန်ကုန် အသွား အပြန် စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်နေတဲ့နေရာလည်း ဖြစ်ပါတယ်။ အဲ့ဒီစစ်ဆေးရေး ဂိတ်ကနေ နေရပ်ပြန် မြန်မာအလုပ်သမားတွေ မကြာခဏ စစ်ဆေးခံရတာ၊ အဖမ်းခံရတာ၊ ငွေညှစ်တောင်းခံ ခံရတာတွေလည်း ကြုံရတယ်လို့ နယ်စပ်ဒေသမှာ နေထိုင်သူတဦးကလည်း ပြောပြပါတယ်။
"ကျနော်တို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေက မြန်မာပြည်ပြန်တော့ ကျနော်တို့ဖုန်းတွေ ပါတယ်လေ။ ဖုန်းတွေကို စစ်ဆေးရေးဂိတ်တွေက Facebook အကောင့်တွေ၊ ဖုန်းတွေကို စစ်တယ်။ အဲဒီမှာ နိုင်ငံရေးနဲ့ ပတ်သက်တာရော၊ ဆက်စပ်တဲ့ပုံတွေကို တွေ့ရင် သူတို့က ရှာတွေ့ရင် ဖမ်းဆီးတယ်။ အရေးယူတာတွေ ရှိတယ်။ ငွေညှစ် တောင်းခံတာတွေလည်း အများကြီးရှိတယ်။"
ဒီကနေ့ မနက်က ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ကားတွေ ဆိုင်ကယ်တွေနဲ့ စစ်ဆေးရေး အဆောက်အဦးပါ ပြိုကျပြီး တစစီ ပျက်စီး သွားခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် ကားအသွားအလာတွေ ယာယီ ရပ်တန့်လိုက်ပေမယ့် နေ့လည်ပိုင်းမှာတော့ ကားတွေ ပြန်သွားနေပြီလို့လည်း ဦးရန်မျိုးအောင်က ပြောပါတယ်။
"အခုတော့ ပြန်သွားနေပြီ ၃ နာရီ ၄ နာရီလောက်တော့ပိတ်သွားတယ်"
ပေါက်ကွဲမှုအပြီး ဘားအံမြို့ အဝင်အထွက်လမ်းတွေ အားလုံးကို စစ်ကောင်စီက ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်နေပါတယ်။ ထောင်ဝိကျေးရွာ၊ မြိုင်ကလေး၊ ဖားကပ်ကျေးရွာ၊ အိန္ဒုတိုးဂိတ်နဲ့ ဇာသပြင်တံတား၊ တောင်ကလေး၊ ထီလုံ ကျေးရွာတွေ ဘက်ကို ဒီကနေ့မှာပဲ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်နေပါတယ် ။
ကရင်ပြည်နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ တဘက်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတာပါ။ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဒီလိုတိုက်ပွဲတွေနဲ့ အလားတူ ဗုံးခွဲ တိုက်ခိုက်မှုတွေ ကရင်ပြည်နယ်အတွင်းမှာ မကြာခဏ ဖြစ်ခဲ့ပါတယ်။
ရန်ကုန်-မော်လမြိုင်-မြဝတီ ကားလမ်းမကြီးပေါ်ရှိတဲ့ ဘီးလင်းမြို့နယ်ထဲက ရွှေရောင်ပြ တံတားကိုလည်း ကရင်အမျိုးသားအစည်းအရုံး KNLA တပ်ရင်း (၂) နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ ညပိုင်းမှာ ဖောက်ခွဲဖျက်ဆီး လိုက်တာကြောင့် တံတားပေါ် သွားနေတဲ့ကား ၂ စီး တံတားအောက် ထိုးကျပြီး တိမ်းမှောက်ခဲ့သလို၊ လူတဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ တချို့ ရှိခဲ့ပါတယ်ရှင်။
Your browser doesn’t support HTML5