သဲချောင်းတံတား ဖျက်ဆီးခံရလို့ မန္တလေး-မြစ်ကြီးနားရထားလမ်း အခက်ကြုံ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွင်နေကြတဲ့ မြန်မာ့မီးရထားဝန်ထမ်းများ။ (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁)

(Zawgyi / Unicode)

မန္တလေး-မြစ်ကြီးနားရထားလမ်း၊ မဲဇာဘူတာနဲ့ ဘုံချောင်းဘူတာအကြားက သဲချောင်းတံတားကို ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် မီးရထားသွားလာဖို့ အခက်အခဲရှိနေသလို မီးရထားဝန်ထမ်းတွေကလည်း CDM ခေါ် အလုပ်မတက်ရေး သပိတ်မှောက်ရာမှာ ပါဝင်နေတာကြောင့် ပြင်ဆင်ဖို့ အခက်အခဲ ရှိနေပါတယ်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းက အင်းတော်မြို့နယ်အတွင်းရှိ သံတံတားတစင်းဟာ သောကြာနေ့ည ၁၀ နာရီလောက်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာပါ။

ဒီလို ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“နေရာက ကျနော်တို့ ဒီ မဲဇာဘူတာနဲ့ ဘုံချောင်းဘူတာကြားပေါ့နော်။ အဲဒီမှာ သူက တံတားနှစ်စီးရှိတယ်လေ။ သံတံတားနှစ်စီး ရှိတဲ့အချိန်မှာ သဲချောင်းတံတား ခေါ်ကြတာပေါ့နော်။ တစီးကို ဖောက်ခွဲသွားတာပေါ့နော်။ ၁၁ နာရီ ၃၅ လောက်ကလို့ ပြောတယ်ဗျ။ မဲဇာနဲ့ဆိုရင် လေးငါးမိုင်လောက် ဝေးမှာပေါ့။ အဲဒီနေရာက။”

ဒေသခံတွေကတော့ လတ်တလော ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ရဲ့ လက်ချက်အဖြစ် ယူဆကြပေမယ့် သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

မြန်မာ့မီးရထားဌာနက အရာရှိတဦးကတော့ တံတားဖောက်ခွဲခံရတဲ့ အခြေအနေကြောင့် လောလောဆယ်မှာ မီးရထား ဖြတ်သန်းသွားလာဖို့ မဖြစ်နိုင်တော့ကြောင်း သုံးသပ်ထားပါတယ်။

“ဟုတ်ကဲ့။ ဒီဓာတ်ပုံတွေရဲ့ မြင်ရတဲ့ အထောက်အထားအရ ဆိုရင်တော့ ရထားက လောလောဆယ် ပြေးဆွဲလို့ မရဘူးဗျ။ တံတားဘောင်ကို ခံထားတဲ့ အောက်ခံ အုတ်ခုံက ကွဲသွားတဲ့အတွက်။ တဖက်က တံတားအောက်မှာခံထားတဲ့ တံတားအရွေ့ အပြုကို လုပ်ရတဲ့ ဘောလုံးကြီး အောက်ကို ကျသွားတာတွေ့ရတယ်။ အဲတော့ တံတားက ဘယ်လိုပဲပြောနေနေ ပြေးလို့ မရဘူးဗျ။ ပြေးမယ်ဆို အောက်ကနေ ဘေလီထောက်တိုင်တွေ ဘာတွေနဲ့ သံထောက်တိုင်တွေ၊ အကူထောက်တိုင်တွေ၊ နောက်တခါ ဖားစက်ခွေရာတို့ အဲလို ခွေပြီးတော့မှပဲ သူက ပြေးလို့ရမယ်ဗျ။”

ဖားစက်ခွေရာဆိုတာ မီးရထားလုပ်ငန်းသုံးစကားဖြစ်ပြီး ဇလီဖားတုံးတွေကို လေးထောင်ပုံဆင့်ထပ်ပြီး အောက်ကနေ ဆင့်ခံတဲ့သဘောမျိုး ဖြစ်ကြောင်း ရှင်းပြပါတယ်။

SEE ALSO: မိုးကောင်းက တပ်စခန်းတစ်ခု KIA တိုက်ခိုက်

လတ်တလောမှာ မီးရထား အင်ဂျင်နီယာဌာန အပါအဝင် ဝန်ထမ်းတွေက CDM ခေါ် အလုပ်မတက်ရေး သပိတ်မှောက်ထားတာကြောင့် ပျက်ဆီးသွားတဲ့တံတား ပြင်ဆင်ဖို့လည်း ခက်ခဲနိုင်ကြောင်း ဆက်ပြောပါတယ်။

“တံတားကြီးတခု ပြင်ဖို့ရာဆိုရင်တော့ လောလောဆယ် မီးရထားဌာနပေါင်းစုံက အကုန် CDM လုပ်ထားတဲ့အတွက် အလရ လုပ်သားတွေလည်း မရှိဘူး။ သက်ဆိုင်ရာ လမ်းဗိုလ်ကြီးတွေကလည်း CDM လုပ်ထားတဲ့အတွက် လူအင်အား၊ လုပ်သားအင်အား ရှားမယ်ဗျ။ CDM လုပ်တဲ့ ပုံအတိုင်းဆိုရင်တော့ ပြင်လို့ မရသေးဘူး။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ မန္တလေး-မြစ်ကြီးနား ရထားလမ်းက မီးရထားဝန်ထမ်းတွေ အားလုံးဟာ CDM မှာ ပါဝင်တာကြောင့် မီးရထားတွေ အသွားအလာ ရပ်ဆိုင်းနေတာပါ။ ဒီရက်ပိုင်းအတွင်းမှာတော့ ကချင်ပြည်နယ်အတွင်းမှာ KIA နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး တပ်မတော်က လူ၊ လက်နက်၊ ရိက္ခာပို့ဖို့ စစ်ရထားသွားဖု့ိ ပြင်ဆင်နေတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် သဲချာင်းတံတား ဖောက်ခွဲ ဖျက်ဆီးခံရတာလည်း ဖြစ်ပါတယ်။

-------------------------

(Unicode)










SEE ALSO: ဖားကန့်ဘက်က စစ်တပ်နဲ့ ရဲစခန်း KIA တပ်ရင်း ဝင်တိုက်


