မြန်မာနိုင်ငံမှာ နိုင်ငံတကာ သတင်းအေဂျင်စီတခုဖြစ်တဲ့ ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရတဲ့ အခြေအနေကို ဗြိတိန်အနေနဲ့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က မနေ့ ကြာသာပတေးနေ့က ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့ကိုရောက်ရှိနေတဲ့ Mr. Johnson ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono နဲ့တွေ့ဆုံပြီးပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ရခိုင်ပြည်နယ် အကြောင်းသတင်းရေးနေသူတွေ ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရကို အခုလို ဝေဖန်ပြောဆိုခဲ့ပါတယ်။
သတင်းထောက်တွေဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရရဲ့ အလေးအနက်စိုးရိမ်မကင်းဖြစ်မှုကို မြန်မာအစိုးရကို ပြောထားပြီးပါပြီ။ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ အများပြည်သူသိအောင် သတင်းအချက်အလက်တွေ တင်ပြနေတဲ့ သတင်းထောက်တွေရဲ့ စွမ်းဆောင်မှုကို ကျနော်တို့ သစ္စာစောင့်သိရပါမယ်။
အလားတူ ဥရောပ ပါလီမန် ဥက္ကဌ Antonio Tajani ကလည်း မြန်မာနိုင်ငံမှာ ရိုက်တာ သတင်းထောက်နှစ်ဦးလုံးကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့ ဥရောပထိပ်သီးညီလာခံအတွင်း ပြောကြားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF ကလဲ သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးဖို့ ကြာသပတေးနေ့ ထုတ်ပြန် ချက်တခုမှာ တောင်းဆိုထားပါတယ်။
ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေတွေကို အဓိက စုံစမ်းရေးသားနေ သူတွေဖြစ်ပါတယ်။ သူတို့ နှစ်ဦးကို ဒုရဲမှူး မိုးရန်နိုင်၊ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း တို့နဲ့အတူ အင်္ဂါနေ့က ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အာဏာပိုင်တွေဘက်က စွဲချက်တင်ထားပါတယ်။ ဒီဥပဒေဟာ၁၉၂၃ ခုနှစ် ဗြိတိသျှကိုလိုနီခေတ်ကတည်းက ပြဌာန်းထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ လုံခြုံရေး စာရွက်စာတမ်းအထောက်တွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်းရယူခဲ့တယ်လို့ မြန်မာအစိုးရထုတ် သတင်းမှာ ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5