ဗြိတန်နိုင်ငံ ကာကွယ်ရေးဆိုင်ရာစစ်မဟာဗျူဟာ ပြန်လည်သုံးသပ်မည်

ဗြိတိန်ဝန်ကြီးချုပ်သစ် Keir Starmer (ဇူလိုင် ၁၆၊ ၂၀၂၄)

တရုတ်၊ အီရန်၊ မြောက်ကိုရီးယားနဲ့ ရုရှားအန္တရာယ်ကို ရင်ဆိုင်ပြင်ဆင်ဖို့ စစ်မဟာဗျူဟာတွေကို ပြန်လည်သုံးသပ်မယ်လို့ ဗြိတိန်နိုင်ငံက အင်္ဂါနေ့မှာပြောပါတယ်။ ပိုပြီးအန္တရာယ်ကြီးလာ၊ အပြောင်းအလဲများလာတဲ့ကမ္ဘာမှာ နေထိုင်နေကြရတဲ့အတိုင်း၊ အမျိုးသားကာကွယ်ရေးကိုချဥ်းကပ်ရာမှာ ရှင်းလင်းပြတ်သားတဲ့အမြင်သစ်နဲ့ ရှုမြင်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ် Keir Starmer က ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးထိပ်သီးအစည်းအဝေးအပြီး တပတ်အကြာမှာ ခုလို ထုတ်ပြန်လိုက်တာပါ။ ဗြိတိန်ကာကွယ်ရေး အသုံးစရိတ် ကိုလည်း လက်ရှိ ၂.၃ ရာနှုန်းကနေ ၂.၅ ရာနှုန်းအထိ တိုးမြှင့်မယ်လို့လည်း စတန်းမားက အင်္ဂါနေ့မှာ ထပ်မံ ကတိပြုလိုက်ပါတယ်။ ဗြိတိန် စစ်မဟာဗျူဟာ ပြန်လည်သုံးသပ်ရေးအဖွဲ့ကို နေတိုးအတွင်းရေးမှူးချုပ်ဟောင်း George Robertson က ဦးဆောင်မှာဖြစ်ပြီး ယခင် အမေရိကန်သမ္မတအကြံပေး Fiona Hill နဲ့ ယူကေ လက်နက်ကိုင်တပ်များ စစ်ဆင်ရေး ညွှန်ကြား‌ရေးမှူးဟောင်း ဗိုလ်ချုပ်ကြီး Richard Barrons တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကြမှာပါ။

အဖွဲ့ရဲ့အစီရင်ခံစာကို လာမယ့်နှစ် ပထမ ၆ လပိုင်းအတွင်းတင်ပြဖို့ စီစဥ်ထားပါတယ်။ ကမ္ဘာကြီးက အတက်အကျ၊ အလှုပ်အခတ်များပြီး နည်းပညာက စစ်ဆင်ပုံ သဘောသဘာဝကို ပြောင်းလဲနေတဲ့အခါမှာ ရင်ဆိုင်နေရတဲ့ခြိမ်းခြောက်မှုတွေကို ရှင်းရှင်းမြင်ဖို့လိုအပ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီး John Healey ကလည်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။

Your browser doesn’t support HTML5

ဗြိတန်နိုင်ငံ ကာကွယ်ရေးဆိုင်ရာစစ်မဟာဗျူဟာ ပြန်လည်သုံးသပ်မည်