ထိုင်းတောဝက်ဘောလုံးအသင်း ဂူတွင်းပိတ်မိတြဲ့ဖစ်ရပ် အခန်းဆက်ရုပ်ရှင်ရိုက်ကူးမည်

Cave Boys

ထိုင်းနိုင်ငံ မဲဆိုင်က Tham Luang လှိုဏ်ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံး အသင်းသား ၁၂ ယောက်နဲ့ သူတို့ရဲ့နည်းပြဆရာကို ကယ်တင်ခဲ့တဲ့ ကမ္ဘာကျော် ဖြစ်ရပ်မှန် ဇာတ်လမ်းကို နာမည်ကြီး "Crazy Rich Asians" ရုပ်ရှင်ထုတ်လုပ်တဲ့ SK GLOBAL ကုမ္ပဏီက Netflix နဲ့ လက်တွဲပြီး ရုပ်ရှင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မဲဆိုင်လှိုဏ်ဂူထဲမှာ မနှစ်နွေတုန်းက ပိတ်မိပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရသူတွေကို ကယ်ထုတ်ခဲ့ရတဲ့ ဖြစ်ရပ်ကို ကမ္ဘာတဝှမ်းက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပြီး နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီတွေက ဒီတောဝက်ဘောလုံး အသင်းဝင် ၁၃ ယောက်ရဲ့ အဖြစ်အပျက်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းမူပိုင် ရိုက်ကူးခွင့်ရဖို့ ကြိုးစားခဲ့ကြ ပေမယ့် ထိုင်းအစိုးရက အရင်တုန်းကတော့ ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်နေ့ကတော့ နန်းနနွမ်း (အိပ်ပျော်နေတဲ့ ရှမ်းမင်းသမီး တောင်တန်း) ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ မဲဆိုင်အာဏာပိုင်တွေနဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေ ဘန်ကောက်မြို့မှာ တွေ့ဆုံစည်းဝေးခဲ့ပြီး ဇာတ်လမ်းတွဲ ရုပ်ရှင်ရိုက်ကူးခွင့်ကို တောင်ကိုရီးယား အခြေစိုက် SK GLOBAL နိုင်ငံတကာ ရုပ်ရှင်ထုတ်လုပ်ရေးကို မူပိုင်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ မူပိုင်ရထားတဲ့ SK GLOBAL နဲ့ လက်တွဲလုပ်ဆောင်ဖို့ သဘောတူခဲ့ကြောင်း အမေရိကန် အခြေစိုက် Netflixက ဧပြီလ ၃၀ ရက်နေ့မှာ အခန်းအနားကျင်းပပြီး ကြေညာခဲ့ပါတယ်။ ဒီကြေညာပွဲကို SK GLOBAL ရုပ်ရှင်ထုတ်လုပ်ရေးက နာမည်ကြီး "Crazy Rich Asians" ကို ရိုက်ကူးတဲ့ ဒါရိုက်တာ Jon M. Chu နဲ့အတူ တောဝက် ဘောလုံးအသင်းသားတွေနဲ့ သူတို့ရဲ့ အကြံပေး ထိုင်းတာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ကြပါတယ်။ Netflix နိုင်ငံတကာရုပ်ရှင်ထုတ်လုပ်ရေး တာဝန်ခံ Erika North က သူတို့ရဲ့ ဇာတ်လမ်းကို အကောင်းဆုံး ဖြစ်အောင် ရိုက်ကူးမှာ ဖြစ်ကြောင်း ပြောပါတယ်။

"တကယ် ကြီးကျယ်တဲ့ပုံပြင်တွေဟာ နေရာအနှံ့ကို ရောက်လေ့ရှိတယ်လို့ ကျမတို့ Netflix က ယုံကြည်သလို သူတို့ရဲ့ ဇာတ်လမ်းဟာလည်း တကမ္ဘာလုံးက စိတ်ဝင်တစားနဲ့ ပြောနေကြတဲ့ဇာတ်လမ်း ဖြစ်တဲ့အတွက် ဒါကို ချန်ထားလို့ မရပါဘူး။ ဒီဇာတ်လမ်းကို ကျွမ်းကျင်တဲ့ ပညာရှင် အဖွဲ့တွေနဲ့ ထိုင်းမှာ ရိုက်ရမှာမို့ ကျမတို့ စိတ်ချမ်းသာရပါတယ်။ ကျမတို့ရဲ့ လုပ်ဆောင်မှုတွေကို အားလုံးသိအောင် အမြဲ ပြောပြပေးမှာပါ။ ဒီဇာတ်လမ်းကို အကောင်းဆုံး ပြန်တင်ပြနိုင်ဖို့အတွက် Netflix နဲ့ SK Global တို့ အနီးကပ်လက်တွဲ ဆောင်ရွက်မှာ ဖြစ်ပြီး ထူးထူးခြားခြား တင်ဆက်ပေးနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။"

တောဝက်ဘောလုံး အဖွဲ့သားတွေ လှိုဏ်ဂူထဲ ပိတ်မိနေတာကို ကယ်တင်တဲ့ ထူးခြားတဲ့ဇာတ်လမ်းကို Netflix နဲ့ SK Global ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီက ရိုက်ကူးရာမှာ ထိုင်းတွေ ဒေသတွင်းနဲ့ နိုင်ငံတကာ အနုပညာရှင်တွေ၊ ကျွမ်းကျင်သူတွေပါဝင်မှာ ဖြစ်ကြောင်းလည်း Erika North ကပြောပါတယ်။ ၂၀၁ရ မှာ ပြသခဲ့တဲ့ နာမည်ကြီး Bad Genius ကားရိုက်ကူးသူ ထိုင်း ရုပ်ရှင်ဒါရိုက်တာ Nattawut Poonpiriya က လည်း ဒါရိုက်တာ Jon M. Chu နဲ့အတူ ဒီဇတ်လမ်းတွဲကို ရိုက်ကူးမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ တောဝက်ဘောလုံးအသင်းသား လူငယ်လေးတွေ၊ သူတို့ရဲ့မိသားစုတွေကြား ဆက်သွယ်မှု အဆင်ပြေစေဖို့ 13 Thumluang ကုမ္ပဏီကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဌကတော့ သူတို့ရဲ့ နည်းပြဆရာ အသက် ၂၅ နှစ်အရွယ် Eakapol Jantawong ဖြစ်ပါတယ်။ သူက အခု ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရိုက်ကူးမယ့် သူတွေဟာ ထိုင်းနိုင်ငံကောင်းကျိုး လုပ်ဆောင်ပေးမယ့် သူတွေ ဖြစ်မယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။

“အစိုးရကော်မတီကပေးတဲ့ အချက်အလက်တွေဟာ သေသေချာချာ ဆန်းစစ်ပြီးမှ ပေးတာဖြစ်တဲ့အတွက် ဒါကို ကျနော်တို့ ယုံကြည်ပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံကောင်းကျိုး အတွက်လုပ်ပေးနိုင်တယ် ဆိုတာ တွေ့ရတဲ့အတွက် သူတို့နဲ့ပဲ သင့်တော်မယ်လို့ ကျနော်တို့ကုမ္ပဏီနဲ့ ကော်မတီက ဆုံးဖြတ်ပါတယ်။”

ဒီတော်ဝက်အဖွဲ့သားတွေရဲ့ 13 Thumluang ကုမ္ပဏီ အတွက် အကြံပေးက ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူဟောင်း တယောက်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး Werachon Sukondhapatipak ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးရာက ရရှိတဲ့ အကျိုးအမြတ် ၂၀ % ကို ပေးလှုဖို့ တောဝက်အသင်းအဖွဲ့သားတွေမှာ အစီအစဉ်ရှိတယ်လို့ သူကပြောပါတယ်။

“သူတို့ရဲ့ ယာယီ အစီအစဉ်အရဆို ခလေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေက သူတို့ရတဲ့ငွေရဲ့ ၂၀ % ကို ဥပမာ - သဘာဝဘေးဒဏ်ခံစား ရသူတွေ အတွက် အကူငွေလိုမျိုး ပေးဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ဒီလိုပေးရမယ် ဆိုတဲ့ သဘောမဟုတ်ပါဘူး။ သူတို့ဆန္ဒအရပါ။”

သူတို့ ရလာတဲ့ ဝင်ငွေကို ထန့်လွင် ကျောက်လှိုဏ်ဂူ အတွင်း ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ပေးခဲ့တဲ့ အစိုးရနဲ့လူမှုရေး အဖွဲ့တွေကို ရန်ပုံငွေအဖြစ် ခွဲပေးဖို့ရှိပါတယ်။

ကမ္ဘာကျော် ဖြစ်ရပ်မှန် ဇာတ်လမ်းတွဲတွေ ရိုက်ကူး ထုတ်လွှင့်နေတဲ့ Netflix မီဒီယာ ထုတ်လုပ်ရေးဟာ ကမ္ဘာမှာ ဝင်ငွေ အကောင်းဆုံး ရနေတဲ့ ဇာတ်လမ်းတွေကို ရိုက်ကူး ထုတ်လုပ်နေတာပါ။ မကြာခင် ရိုက်ကူးတော့မယ့် တောဝက် ဘောလုံးအသင်းဝင် ၁၃ ယောက်ရဲ့ဘ၀ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတွဲကနေ တောဝက်အသင်းသားတယောက်အတွက် အမေရိကန်ဒေါ်လာ ၉, ၄၀၀၀ ထိုင်းဘတ်ငွေ ၃ သန်းရမှာ ဖြစ်ကြောင်း SK Global ရုပ်ရှင်ထုတ်လုပ်ရေးက ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် မဲဆိုင်မြို့က မြန်မာနိုင်ငံသား ရှမ်းနွယ်ဖွား နိုင်ငံမဲ့ လူငယ်တွေ ပါဝင်တဲ့ တောဝက်ဘောလုံး အသင်းဟာ ကျောက်လှိုဏ်ဂူအတွင်း ခေတ္တလည်ပတ်ဖို့ ဝင်ကြည့်ခဲ့တဲ့အချိန် မိုးရွာလာပြီး လှိုဏ်ဂူအတွင်းမှာ တောင်ကျရေတွေ တက်လာတာကြောင့် ဂူပြင်ကို ပြန်မထွက်နိုင်တော့ပဲ ၁၈ ရက်ကြာ ပိတ်မိနေခဲ့ကြတာပါ။ သူတို့အားလုံးကို အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပေမယ့် ထိုင်းရေတပ်က တပ်ကြပ်ကြီး တဦးကတော့ သူတို့ကို ကယ်ဆယ်ရင်းနဲ့ အောက်စီဂျင် ပြတ်လပ်ခဲ့တာကြောင့် သေဆုံးခဲ့ရပါတယ်။ ကလေးတွေကို မတွေ့မချင်း နည်းအမျိုးမျိုးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ နေ့ညမပြတ် လုပ်ခဲ့ကြတဲ့ ထိုင်းရေတပ်၊ ထိုင်းအစိုးရနဲ့ ထိုင်းလူထုတွေရဲ့ လူသားချင်း စာနာမူလုပ်ရပ် တွေကိုလည်း ကမ္ဘာတဝှမ်းလုံးက ချီးကျူးခဲ့ကြတာပါ။

Your browser doesn’t support HTML5

ထိုင်းတောဝက်ဘောလုံးအသင်း ဂူတွင်းပိတ်မိတြဲ့ဖစ်ရပ် အခန်းဆက်ရုပ်ရှင်ရိုက်ကူးမည်