နီပေါနဲ့ တရုတ်နိုင်ငံအနောက်ပိုင်းက ကုန်းမြင့်ဒေသမှာ အင်းအားပြင်းငလျင်လှုပ်ခတ်မှုကြောင့် တိဘက် ဒေသမှာ အနည်းဆုံး လူ ၁၂၆ ဦး သေဆုံး၊ ရာနဲ့ချီတဲ့အိမ်တွေပျက်စီးပြီး လမ်းတွေမှာလည်း အပျက်အစီးတွေနဲ့ ပြန့်ကျဲနေပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်သားတွေကတော့ အင်္ဂါနေ့မှာ အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက် ရှာဖွေနေကြပါတယ်။
ဝေးလံခေါင်သီတဲ့ဒေသမှာ နောက်ဆက်တွဲငလျင်တွေ ဒါဇင်နဲ့ချီလှုပ်ခတ်ခဲ့ပြီး ပိတ်မိနေသူ အများအပြားရှိနေမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်ထောင်ထိပ်ရဲ့ အနောက်တောင်ဘက် ၇၅ ကီလိုမီတာလောက်မှာဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ကျေးရွာတွေ အကြီးအကျယ်ပျက်စီးနေပြီး ရှာဖွေကယ်ဆယ်ရေး လုပ်သားတွေက အပျက်အစီးပုံတွေပေါ်မှာရော တချို့ကတော့ လှေကားတွေသုံးပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြပါတယ်။ တရုတ်နယ်စပ်ဘက်ခြမ်း တိဘက်ဒေသမှာ အနည်းဆုံး လူပေါင်း ၁၈၈ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့လည်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြပါတယ်။ ငလျင်လှုပ်ပြီးနောက် ၉ နာရီအတွင်းမှာ နောက်ဆက်တွဲ ငလျင်အကြိမ် ၁၅၀ လောက် လှုပ်ခတ်ခဲ့တာကိုလည်း မှတ်တမ်းရရှိထားပါတယ်။