ကွဲပြားမှုတွေကို ဖြေရှင်းသွားဖို့ အိန္ဒိယ-တရုတ် သဘောတူ

အိန္ဒိယဝန်ကြီးချုပ် Modi (ဝဲ) နှင့် တရုတ်သမ္မတ Xi Jinping

အိန္ဒိယဝန်ကြီးချုပ် Modi (ဝဲ) နှင့် တရုတ်သမ္မတ Xi Jinping

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှာ အိန္ဒိယအတွက် ကြီးမားတဲ့ပြဿနာဖြစ်တဲ့ ကုန်သွယ်ရေးလိုငွေပြမှုနဲ့ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အားကောင်းအောင် တိုးမြှင့်လုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပါတယ်။ သူတို့နှစ်နိုင်ငံကြားရှိထားတဲ့ မတူညီမှုတွေကိုလည်း အမြော်အမြင်ရှိရှိ ဖြေရှင်းသွားဖို့ ကတိပြုခဲ့ကြပါတယ်။

အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးဟာ ပြီးခဲ့တဲ့နှစ်အတွင်း တည်ငြိမ်ပြီး အရှိန်အဟုန် ကောင်းလာခဲ့တဲ့အတွက် နှစ်နိုင်ငံကြား မတူကွဲပြားမှုတွေကို ကိုင်တွယ်စီမံပြီး အငြင်းပွားစရာ ကိစ္စတွေကို ရှောင်လွှဲနိုင်လိမ့်မယ်လို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တရုတ်သမ္မတ Xi Jinping ကို စနေနေ့က ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ Mamallapuram ကမ်းခြေမြို့မှာလုပ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာတော့ နှစ်နိုင်ငံကြား ထိလွယ်ရှလွယ်ဖြစ်တဲ့ ကက်ရှ်မီးယားအရေးကိစ္စကို ခေါင်းဆောင်နှစ်ဦးတို့ ဆွေးနွေးခြင်းမရှိခဲ့ပါဘူး။

သက်ဆိုင်ရာနိုင်ငံအတွက် စိုးရိမ်စရာကိစ္စရပ်တွေကို တဖက်နဲ့တဖက် အပြန်အလှန် သတိထားဆင်ခြင်ဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း ဝန်ကြီးချုပ် Modi က ပြောဆိုခဲ့ပါတယ်။

အိန္ဒိယလက်အောက်က ကက်ရှ်မီးယားဒေသကို ပေးအပ်ထားတဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယအစိုးရက ရုပ်သိမ်းလို်က်တဲ့အပေါ် ဆန့်ကျင်တဲ့ အိန္ဒိယရဲ့ ရန်ဘက် ပါကစ္စတန်နိုင်ငံကို တရုတ်က ထောက်ခံပြောဆိုခဲ့တဲ့အပေါ် တင်းမာမှုတွေ ရှိနေချိန်မှာပဲ ဝန်ကြီးချုပ် Modi နဲ့ သမ္မတ Xi တို့ တွေ့ဆုံတာပါ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vijay Gokhale က တွေ့ဆုံပွဲမှာ ကက်ရှ်မီးယားကိစ္စကို ဆွေးနွေးပြောဆိုခဲ့ခြင်း မရှိဘူးလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီသီတင်းပတ်အစောပိုင်းက တရုတ်နိုင်ငံကို လာရောက်ခဲ့တဲ့ ပါကစ္စန်ဝန်ကြီးချုပ် Imran Khan ရဲ့ အလည်အပတ်ခရီးစဉ် အကြောင်းကိုတော့ တရုတ်သမ္မတ Xi က ဝန်ကြီးချုပ် Modi ကို အသိပေးခဲ့တယ်လို့ Mr. Gokhale က ဆိုပါတယ်။

အိန္ဒိယ-တရုတ် ဆက်ဆံရေးဟာ အကြောင်းအရာတခုတည်းကိုပဲ အခြေခံထားတာ မဟုတ်သလို ကက်ရှ်မီးယားဒေသက နောက်ဆုံးဖြစ်ရပ်ဟာလည်း အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Gokhale က ပြောဆိုခဲ့ပါတယ်။

တရုတ်သမ္မတ Xi ကလည်း ဝန်ကြီးချုပ် Modi နဲ့ ကိစ္စရပ်အတော်များများကို ပွင့်ပွင့်လင်းလင်းနဲ့ အလေးအနက် ဆွေးနွေးခဲ့ကြောင်း အဖွင့်မိန့်ခွန်းမှာ ပြောဆိုသွားတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောမသွားပါဘူး။

တရုတ်နဲ့ အိန္ဒိယကြား ဘဏ္ဍာရေးဝန်ကြီးအဆင့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့တယ်လို့လည်း Mr. Gokhale က အတည်ပြု ပြောဆိုသွားပါတယ်။

-----------------------------------

(Unicode)











Your browser doesn’t support HTML5

ကွဲပြားမှုတွေကို ဖြေရှင်းသွားဖို့ အိန္ဒိယ-တရုတ် သဘောတူ