တရုတ်နိုင်ငံရဲ့ ခါးပတ်လမ်းစီမံကိန်း တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံနဲ့ စီးပွားရေးစင်္ကြန် တည်ဆောက်ရေးလုပ်ငန်းတွေကို တိုးမြှင့်သွားဖို့အဆင့်သင့်ဖြစ်နေကြောင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီချောင်န်က ပြောလိုက်ပါတယ်။ မြန်မာစစ်ကောင်စီအကြီးအကဲ တက်ရောက်နေတဲ့ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ နှစ်ရက်ကြာ ရှစ်ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) ထိပ်သီးအစည်းအဝေးမှာ တရုတ်ဘက်က စီမံကိန်းတွေကို အလေးထား ဆွေးနွေးခဲ့တာပါ။
တရုတ်၊ မြန်မာ စီးပွားရေး ဆက်ဆံမှုတွေအပေါ် သုံးသပ်သူ အမြင်တွေကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း သံတမန်ရေးရာ မူဝါဒထဲမှာ မြန်မာနဲ့ ဆက်ဆံရေးကို အမြဲတမ်း အရေးပါတဲ့ နေရာမှာထားကြောင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီချောင်န် (Li Qiang) က ကူမင်းမြို့မှာ ကျင်းပနေတဲ့ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် သင့်လျော်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကိုသာ ရွေးချယ်မယ်ဆိုရင် မြန်မာနိုင်ငံကို အမြဲတမ်း ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက် အစည်းအဝေးအတွင်း မစ္စတာလီချောင်န်က ပြောခဲ့တာပါ။
ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံထဲက တရုတ်ရဲ့ စီမံကိန်းတွေကိုလည်း အလေးထား ဆွေးနွေးခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေ၊ တရုတ်အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို ဂရုစိုက်ပေးဖို့လည်း တရုတ်ဝန်ကြီးချုပ်က မြန်မာစစ်ကောင်စီခေါင်းဆောင်ကို အလေးထားပြောခဲ့ကြောင်း တရုတ်သတင်းတွေက ဒီနေ့ ပြောထားပါတယ်။
တကယ်တော့ ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် နှစ်ဘက်စလုံးက တရုတ်အကျိုးစီးပွား တွေနဲ့ ပတ်သက်လာရင် သတိထား ကိုယ်တွယ်လေ့ရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ နိုင်ငံရေးသုတေသီတဦးဖြစ်တဲ့ စောကျော်ဇင်ခေး က သူ့ရဲ့အမြင်ကို ဗွီအိုအေကို ပြောပြပါတယ်။
"နယ်စပ် မြန်မာနိုင်ငံ မြောက်ပိုင်းပေါ့။ အဲဒီမှာ သူ (တရုတ်က) လက်နက်ကိုင်ပဋိပက္ခတွေ မဖြစ်စေချင်ဘူး၊ အဲဒါကို ကျနော်တို့တွေ့ရတယ်။ နောက် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေ အပေါ်မှာလည်း သူရဲ့ လွှမ်းမိုးမှုကို ဆက်ပြီး အားကောင်းစေချင်ပြီးတော့ အဲဒီအဖွဲ့တွေ အနောက်နိုင်ငံနဲ့ ရင်းနှီးသွားမှာကို မလိုလားတာကို ကျနော်တို့ တွေ့ရှိရတယ်ပေါ့။ ပြီးတော့ BRI စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ တရုတ်ရဲ့ အကျိုးစီးပွားအပေါ်မှာ အာမခံချက်ပေးတာကတော့ တော်လှန်ရေးအဖွဲ့တွေရော စကစရော နှစ်ဘက်စလုံးကတော့ တရုတ်ရဲ့ အကျိုးစီးပွားကို မထိခိုက်စေချင်ကြဘူးပေါ့နော်။ အဲဒါကြောင့်မို့ နှစ်ဘက်စလုံးက ပွင့်ပွင့်လင်းလင်း တရုတ်အကျိုးစီးပွားကို မထိခိုက်ဘူးဆိုတာ သူတို့ ပွင့်ပွင့်လင်းလင်း ပြောပြထားပြီးသား ဖြစ်တယ်။"
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့အနေနဲ့ နောက်နှစ်မှာ ကျရောက်မယ့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အထိမ်းအမှတ်ကို ကျင်းပချင်ကြောင်း ဒီအစည်းအဝေးမှာ ပြောခဲ့တာပါ။ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးမွေးမြူရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေးကိစ္စတွေကိုလည်း တရုတ်နဲ့အတူ လက်တွဲဆောင်ရွက်လိုကြောင်း မြန်မာ စစ်ကောင်စီခေါင်းဆောင်ကို ကိုးကားပြီး တရုတ်သတင်းတွေက ရေးသားထားပါတယ်။
တရုတ်ဝန်ကြီးချုပ်ဘက်ကလည်း တရုတ်အစိုးရဘက်က မြန်မာ့ပြည်တွင်းရေး တည်ငြိမ် အေးချမ်းအောင် အိမ်နီးချင်းကောင်းနိုင်ငံတခုအနေနဲ့ ကူညီပေးနေပြီး လက်နက်ကိုင်ပဋိပက္ခတွေကို အကြမ်းဖက်နည်းလမ်းနဲ့ ပြန်မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ စစ်အစိုးရဘက်က ဆောင်ရွက်နေတာတွေကို ချီးကျူးခဲ့ပါတယ်ဆိုပြီးလည်း စစ်ကောင်စီရဲ့ဒီကနေ့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။
နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းကတော့ တရုတ်ဟာ နိုင်ငံရေးအရဖိအားပေးတာမျိုးထက် စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကို မျှမျှတတ ဆက်ဆံတတ်ဖို့ လိုတယ်လို့ ပြောပါတယ်။
"တကယ်တော့ သူ ရင်းနှီးမြှုပ်နှံထားတဲ့ နေရာတွေကလည်း အများအားဖြင့် တော်လှန်ရေးအင်အားစု တွေရဲ့ လက်ထဲမှာပဲရှိပါတယ်။ ဒါကိုသူ သဘောမပေါက်ဘူးဆိုရင်တော့ နယ်စပ်တလျှောက် တော်လှန်ရေး အင်အားစုတွေတော့ မပြောတတ်ဘူးပေါ့နော်။ ပြည်မဘက်မှာ ဖောက်လုပ်ထားတဲ့ ပိုက်လိုင်းတွေ၊ ရခိုင်ပြည်မှာဖောက်လုပ်ထားတဲ့ ပိုက်လိုင်းတွေ၊ ဒါက တရုတ်က ဖိအားပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ ဒီဘက်ကတောင်မှ တရုတ်ကိုပြန်ပြီး ဖိအားပေးနိုင်တဲ့၊ တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တဲ့ပုံစံမျိုး ရှိပါတယ်။ အဲဒါကြောင့် သူ့ဘက်က လွဲနေတာပေါ့။ အမှန်က တော်လှန်ရေးအင်အားစုနဲ့ပါဖိတ်ခေါ်ပြီး ပြေပြေလည်လည်နဲ့ သူတို့ရဲ့ အကျိုးစီးပွားကို မထိခိုက်ဖို့ပေါ့နော် အဲဒါမျိုး ဆွေးနွေးတာက ပိုပြီးသဘာဝကျတယ်။"
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF တို့ ဒီနေ့ ကြာသပတေးနေ့မှာ တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာဆက်ဆံရေး ကိစ္စကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က တရုတ်နဲ့မြန်မာ ပြည်သူတွေကြားမှာ အဖုအထစ်ဖြစ်နိုင်တယ်ဆိုပြီး NUG ရဲ့ နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ စစ်ကောင်စီကို မျက်နှာမူတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေတာကို စိုးရိမ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် တရုတ်က မြန်မာနယ်စပ်တွေကို ပိတ်ထားတဲ့ကိစ္စကို NUG ဘက်ကမေးမြန်းထားတယ်လို့လည်း ဒေါ်ဇင်မာအောင်က ဒီတွေ့ဆုံပွဲမှာ ပြောပြခဲ့တာပါ။
ရှစ်ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို မဲခေါင်ဒေသနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ အကြီးအကဲတို့ တက်ရောက်နေကြပြီး မြန်မာနိုင်ငံအနေနဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့ တရားဝင်ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့က မဲခေါင်ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်နေတာဖြစ်ပါတယ်။
Your browser doesn’t support HTML5