တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ် သုံးသပ်ချက်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့ဆုံ (မတ်လ ၆၊ ၂၀၂၃)

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun တို့ တွေ့ချိန်မှာ ငြိမ်းချမ်းရေးအပြင် နှစ်နိုင်ငံစီးပွားရေးကိစ္စတွေ အတွက်ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။ ဆွေးနွေးမှု အသေးစိတ်ကိုတော့ ထုတ်ပြောတာမရှိပါဘူး။ သုံးသပ်သူတွေကတော့ စီးပွားရေးဆိုင်ရာဆွေးနွေးမှုအတွက်သာ ရလဒ်တွေထွက်လာနိုင်မယ်လို့ သုံးသပ်ပါတယ်။ ဒီသတင်းရန်ကုန်ကပေးပို့လာတာကို မဆုမွန်က ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်က နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ တွေ့ဆုံရတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မလုပ်ခဲ့ပေမယ့် အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ ငြိမ်းချမ်းရေးကိစ္စကို အဓိကထား ဆွေးနွေးတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"အဓိကကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သတ်တဲ့ကိစ္စပါပဲဗျ၊ ဟိုဖက်မြောက်ပိုင်းအဖွဲ့တွေနဲ့လည်း တွေ့ခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီမှာလည်းအခုလာရောက်တဲ့အချိန်မှာ တရုတ်နဲ့မြန်မာ ကဏ္ဍပေါင်းစုံမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ရေး အရှိန်အဟုန်တိုးမြင့်ဖို့၊ ပြီးရင် ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်တိုးမြှင့်ပြီးတော့ လုပ်ဆောင်သွားဖို့ ဒီနှစ်ချက်ကိုပဲ အဓိကထားပြီးတော့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီးတော့ တရုတ်နိုင်ငံအနေနဲ့ ယခင်ကူညီနေကျအတိုင်းပဲ ဒါ့အပြင်ဆက်လက်ပြီးတော့ကျ အရှိန်အဟုန်မြှင့်တင်ပြီးတော့ကျ ဆောင်ရွက်သွားမယ်ဆိုတဲ့ဟာကိုပဲ တင်ပြခဲ့တာဖြစ်ပါတယ်။ ကျွန်တော်အရင်ကတည်းကအတိုင်းပြောပြီးသားပဲ မြန်မာ့အကျိုးကိုလိုလားတဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ကလည်း အသင့်ရှိပါတယ်။ ဆက်လက်ပြီးပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့ဆုံ (မတ်လ ၆၊ ၂၀၂၃)

ဒါဟာ သုံးလအတွင်း နှစ်ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း တရုတ်နိုင်ငံယူနန် ပြည်နယ်မှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါ သေးတယ်။

အခုတခါမှာလည်း စစ်ကောင်စီဥက္ကဋ္ဌ နဲ့ မတွေ့ဆုံမီက ဖေဖော်ဝါရီလ တတိယပတ်ထဲမှာ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီတခေါက်တွေ့ဆုံမှုမှာ နယ်စပ်ဒေသနဲ့ ပြည်တွင်းတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးအပြင် နှစ်နိုင်ငံစီးပွား ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရက ထုတ်ပြောပေမယ့် ဘယ်အချက်တွေ ဆွေးနွေးလဲဆိုတာကိုတော့ တိတိကျကျ မပြောခဲ့ပါဘူး။

"ဒါကတော့ အမြဲတမ်းညှိနှိုင်းနေတဲ့ကိစ္စတွေဖြစ်ပါတယ်ဗျ၊ ကဏ္ဍပေါင်းစုံထဲမှာ ပါပြီးသားပါခင်ဗျ၊ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆက်လက်ပြီးတော့ကျ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဒီဟာတွေကိုအရင်တုန်းက အထူးကိုယ်စားလှယ်လည်းလုပ်ဆောင်သွားတာဖြစ်တယ်၊ အခုအထူးကိုယ်စားလှယ်လည်း အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ "

ဆက်စပ်ဖတ်ရှုရန်

အထူးကိုယ်စားလှယ်တိန်ရှီဂျွန်း လက်နက်ကိုင်မြောက်ပိုင်းအဖွဲ့တွေနဲ့ဆွေးနွေး

အထူးကိုယ်စားလှယ်သစ် Mr. Deng Xijun ဟာ တရုတ်- မြန်မာနယ်စပ်ဒေသကို ခြေကုတ်ယူ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကို တစ်လှည့်စီတွေ့ဆုံနေတာမို့ ဘယ်လောက်ထိ ငြိမ်းချမ်းရေးမှာ သက်ရောက်မှု ရှိမလဲဆိုတာ နိုင်ငံရေးအကဲခတ် တွေဘက်က လေ့လာစောင့်ကြည့်နေကြတာပါ။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ ဒီတွေ့ဆုံမှုတွေကနေ ငြိမ်းချမ်းရေးထက် တရုတ်နိုင်ငံစီးပွားရေး ဘက်မှာသာ ပိုအမြတ်ထွက်လာနိုင်ဖွယ်ရှိတယ်လို့ သူ့အမြင်ကို ခုလိုပြောပြပါတယ်။

"အမေရိကန်နဲ့အနောက်အုပ်စုက ကုလသမဂ္ဂကိုအသုံးချပြီးတော့ မြန်မာနိုင်ငံအပေါ်ဖိအားပေးတဲ့ကိစ္စပဲဖြစ်ဖြစ် တရုတ်ကအာဆီယံနဲ့လက်တွဲပြီးတဲ့အခါကျတော့ မြန်မာပြည်အပေါ်မှာ ဖိအားပေးတဲ့ကိစ္စပဲဖြစ်ဖြစ် ဘယ်ဖက်ကလုပ်တဲ့ကိစ္စပဲဖြစ်ဖြစ် အကျိုးသက်ရောက်မှု အလုပ်ဖြစ်လာနိုင်ဖို့ဆိုတာက ပြည်တွင်းမှာလက်တွေ့ပါဝင်ပတ်သတ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ သဘောထားအပေါ်မှာပဲတည်တယ်။ တရုတ်အနေနဲ့ကတော့ တခြမ်းတော့၊ တခြမ်းဆိုတာက သူဩဇာညောင်းတဲ့ နယ်စပ်ကအဖွဲ့အစည်းတွေနဲ့ နစကနဲ့ကြားမှာ အပစ်အခတ်မဖြစ်ဖို့ ထပ်မဖြစ်ဖို့တို့ ၊ သူလုပ်မယ့်စီးပွားရေးဖွံ့ဖြိုးမယ့်စီမံကိန်းတွေ ဒေသမှာ အေးအေးချမ်းချမ်းဖြစ်ဖို့တို့ ၊ အဲဒါတွေကတော့ဖြစ်နိုင်တယ်။ သူကလည်းစီးပွားရေးလုပ်ဖို့အတွက် ဒေသတည်ငြိမ်အေးချမ်းရေးကိုလိုလားတာ။ တစ်ခုလုံးအရေးကိစ္စမအောင်မြင်နိုင်ရင်တောင်မှ သူ့ဖက်ခြမ်းကိစ္စ၊ သူ့စီးပွား၊ သူ့ရင်းနှီးမြှပ်နှံမှုတွေ အေးအေးချမ်းချမ်းနဲ့ဆက်ပြီးတော့ လုပ်ဖို့အတွက်ကတော့ အောင်မြင်ကောင်းအောင်မြင်နိုင်တာပေါ့နော်"

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ( ISP Myanmar) အချက်အလက်အရ ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်ဘက်တွေမှာ ကန်ပိုက်တီ-ထိန်ချုံး နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ချင်းရွှေဟော်-လင်ချန်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကွမ်းလုံတံတား တည်ဆောက်ရေး၊ ရွှေလီ-မန္တလေး မီးရထားလမ်း တည်ဆောက်ရေး၊ ဝ တလုံး ဥမင်လှိုင်ခေါင်း စီမံကိန်း၊ တရုတ်-မြန်မာနယ်စပ် ဖြတ်ကျော် ဓာတ်အားလိုင်း၊ မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးမှုဇုန်တို့ကို တရုတ်နိုင်ငံဘက်က တည်ဆောက်ဖို့ ရှိနေပါတယ်။

အထူးကိုယ်စားလှယ်သစ် Mr. Deng Xijun ဟာ တရုတ်အထူးကိုယ်စားလှယ် Mr. Sun Guoxiang ရဲ့နေရာကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အစားထိုးဝင် ရောက်လာတဲ့သူတဦး ဖြစ်ပါတယ်။

Your browser doesn’t support HTML5


{Unicode}











