မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်း ရာဇဝတ်မှုနဲ့ ဆက်နွယ်သူ ၅ သောင်းကျော် တရုတ်ဖမ်းဆီး

အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေကြတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တရုတ်အစိုးရက ပြီးခဲ့တဲ့နှစ်တွေအတွင်း အပြင်းအထန် နှိမ်နင်းခဲ့တာမှာ မြန်မာနိုင်ငံ မြောက်ပိုင်းအခြေစိုက် လှုပ်ရှားသူ ၅ သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ် အများပြည်သူ လုံခြုံရေးရာဌာန ဒုဝန်ကြီး Qi Yanjun က ပြောပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေက ရဲတပ်ဖွဲ့တွေနဲ့ အတူလက်တွဲပြီး အွန်လိုင်း ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းခဲ့တဲ့အကြောင်း မနေ့ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ဒုဝန်ကြီး Qi Yanjun က ပြောဆိုသွားတာပါ။

ဥပဒေစိုးမိုးရေး ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် Bai Suocheng အပါအဝင် အွန်လိုင်း ငွေကြေး လိမ်လည်ဂိုဏ်း ခေါင်းဆောင် ၁၀ ယောက်ကျော်ကို မြန်မာရဲတပ်ဖွဲ့က တရက်အတွင်းမှာပဲ ပြန်လွှဲပြောင်းပေးခဲ့ကြောင်း၊ အခုထိ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖမ်းဆီးမိတဲ့သူ ၅ သောင်းကျော် ရှိနေပြီလို့ တရုတ် အများပြည်သူ လုံခြုံရေးရာ ဌာန ဒုဝန်ကြီး Qi Yanjun က ပြောသွားတာပါ။

မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ နယ်စပ် ရွှေတြိဂံဒေသ နဲ့ ဒေသတွင်း နိုင်ငံတွေမှာလည်း အလားတူ ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူ နှိမ်နင်းနိုင်ဖို့အတွက် တရုတ်အပါအဝင် ဒေသတွင်း နိုင်ငံတွေ ပူးပေါင်းပြီး အထူး နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။

အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့ ကုလသမဂ္ဂ၊ နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့အတူ ရှေ့ဆက် လက်တွဲပြီး ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်လို့လည်း တရုတ် ဒုဝန်ကြီး Qi Yanjun က ဘေဂျင်းမြို့တော်မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်း ရာဇဝတ်မှုနဲ့ ဆက်နွယ်သူ ၅ သောင်းကျော် တရုတ်ဖမ်းဆီး