ဝီဂါ ဖိနှိပ်မှုဆိုင်ရာ ကန် ဥပဒေကြမ်း တရုတ်ပြင်းပြင်းထန်ထန် ကန့်ကွက်

ရှင်ကျန်းဒေသက တရုတ် အစိုးရရဲ့ ထိန်းသိမ်းရေး စခန်း။

တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသက အထူးသဖြင့် Uighur မွတ်ဆလင်တွေကို ဖိနှိပ်အုပ်ချုပ်တဲ့ တရုတ်တာဝန်ရှိသူတွေ ကို ဒဏ်ခတ်အရေးယူမယ့် ဥပဒေမူကြမ်းတရပ်ကို အမေရိကန် အောက်လွှတ်တော်မှာ တခဲနက် အတည်ပြုလိုက်ပြီးတဲ့နောက် “သင့်တော်တဲ့တန်ဖိုး ပြန်ပေးဆပ်ရမယ်” လို့ တရုတ်ဘက်က သတိပေးလိုက်ပါတယ်။ အမေရိကန်တို့ ဘယ်လိုတန်ဖိုးမျိုး ပြန်ပေး ဆပ်ရမယ်ဆိုတာ တရုတ်နိုင်ငံက အတိအကျမပြောဘဲ အဆုံးတနေ့ကျရင် သိလာလိမ့်မယ်လို့ပဲဆိုပါတယ်။ AFP သတင်း ဆောင်းပါးကိုအခြေခံပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်ဖို့ရည်ရွယ်တဲ့ ပထမအဆင့် သဘောတူညီချက်ကို အပြီးသတ်ဖို့ စေ့စပ်ညှိနှိုင်းနေကြချိန်မှာ အခုဥပဒေကြမ်းက တင်းမာမှု ထပ်တိုးသွားစေပါတယ်။

ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ပြဌာန်းလိုက်တဲ့ အတွက် တရုတ်က ဒေါသထွက်ပြီး အမေရိကန်အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်သလို ဟောင်ကောင်ကို အမေရိကန် စစ်သင်္ဘောတွေ နောက်ထပ်လာတာကို လည်း ဆိုင်းငံ့လိုက်ပါတယ်။

၂၀၁၉ ခုနှစ် Uighur ဥပဒေကို အောက်လွှတ်တော်က အင်္ဂါနေ့နှောင်းပိုင်းမှာ အတည်ပြုလိုက်ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ သတင်း စာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying က အပြင်းအထန် တုံ့ပြန်သွားပါတယ်။

“ဒီလုပ်ရပ်ဟာ ရှင်ကျန်းဒေသမှာ တရုတ်ရဲ့ လူ့အခွင့်အရေး အခြေအနေကို ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး အစွန်းရောက်ဝါဒ ပပျောက်ဖို့နဲ့ အကြမ်းဖက်ဝါဒကို နှိမ်နင်းဖို့ တရုတ်ရဲ့ကြိုးပမ်းမှုကို သိက္ခာမဲ့စွာ စော်ကားတာ၊ နိုင်ငံတကာ ဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အခြေခံ သတ်မှတ်ချက်တွေကို အပြင်းအထန်ချိုးဖောက်တာ၊ တရုတ်ပြည်တွင်းရေးကို ဆိုးရွားစွာ ဝင်စွက်တာပဲဖြစ်ပါတယ်။ ဒီအပေါ်မှာ တရုတ်နိုင်ငံအနေနဲ့ အပြင်းအထန် ဒေါသထွက်ပြီး အခိုင်အမာဆန့်ကျင်တယ် ဆိုတာ ပြောလိုပါတယ်။”

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသက မွတ်ဆလင်တွေကို ဖိနှိပ်မှုဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ ဒီဥပဒေကြမ်းမှာ ပြစ်တင်ရှုတ်ချထားပါတယ်။ အဲဒီဒေသမှာ Uighur နဲ့ မွတ်ဆလင်အများစု တခြားလူနည်းစု တသန်းကျော်ဟာ ပညာပေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတယ်လို့ ယူဆထားကြတာပါ။

ပြီးခဲ့တဲ့လက အပြင်ကို ပေါက်ထွက်လာတဲ့ တရားဝင် အထောက်အထားတွေမှာ အဲဒီစခန်းတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်တွေ ပါလာပါတယ်။ ထွက်မပြေးအောင် ဘယ်လိုတားဆီးရမယ်ဆိုတာ အသေးစိတ်ညွှန်ကြားထားပြီး တံခါးတွေကို သော့နှစ်ထပ်ခပ်ဖို့၊ ထိန်းသိမ်းထားသူတွေ အိမ်သာသွားရင်တောင်မှ မပြတ်စောင့်ကြည့်ဖို့ ဆိုတာတွေပါပါတယ်။

အဲဒီစခန်းတွေရှိတယ်ဆိုတာကို တရုတ်အစိုးရက အစောပိုင်းမှာငြင်းပေမယ့် နောက်ပိုင်းကျတော့ အဲဒါတွေဟာ အသက်မွေး ဝမ်းကျောင်း ပညာသင် စခန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ အခုလုပ်ရပ်အတွက်တော့ ပြန်ပေးဆပ်ရမယ်လို့ ပြောခွင့်ရ Hua Chunying က ဆိုပါတယ်။

“မှားယွင်းတဲ့လုပ်ရပ်နဲ့ ပြောဆိုမှုအားလုံးအတွက် ထိုက်သင့်တဲ့ပေးဆပ်မှု ရှိရပါမယ်။ အဲဒီ ထိုက်သင့်တဲ့ တန်ဖိုးကို ပေးဆပ်ရပါမယ်။”

ဒီဥပဒေမူကြမ်းကြောင့် ကုန်သွယ်ရေးဆွေးနွေးပွဲတွေကို ထိခိုက်စေမလားဆိုတဲ့ မေးခွန်းကိုတော့ ပြောခွင့်ရက တိုက်ရိုက် မဖြေ ပါဘူး။ ဒါပေမယ့် ကိစ္စရပ်အားလုံးကို ထိခိုက်နိုင်တဲ့သဘောမျိုးတော့ ပြောသွားပါတယ်။

“ ဒီကိစ္စက တရုတ်-အမေရိကန် ဆက်ဆံရေးအပြင် အရေးကြီးတဲ့ ကဏ္ဍတွေမှာ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုကို မသက်ရောက်နိုင်ဘူး ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ တရုတ်ဘက်က ဘယ်လို အရေးယူလုပ်ဆောင်မယ် ဆိုတဲ့အပေါ် သိပ်သိချင်နေသူတိုင်း ဆက်ပြီး မစဉ်းစားပါနဲ့။ ပေးဆပ်ရမယ့် တန်ဖိုးကို အဆုံးတနေ့မှာ သိလာရပါမယ်။”

ထောက်ခံမဲ ၄၀၇ မဲ၊ ကန့်ကွက်မဲ ၁ မဲနဲ့ အတည်ပြုထားတဲ့ အောက်လွှတ်တော် ဥပဒေကြမ်းဟာ စက်တင်ဘာလက အထက် လွှတ်တော်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေကြမ်းထက် ပိုပြင်းထန်ပါတယ်။ ဒီဥပဒေကြမ်းနှစ်ရပ်ကို တခုထဲအဖြစ် ညှိနှိုင်းပေါင်းစပ်ပြီးတဲ့ သမ္မတထရမ့်ပ် လက်မှတ်ထိုးပြဌာန်းဖို့ ပို့ရမှာပါ။

ရှင်ကျန်းဒေသမှာ ဖိနှိပ်မှုနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဌာနက တနှစ်အတွင်း အစီရင်ခံစာ ပြုစုတင်ပြဖို့ အောက်လွှတ်တော် ဥပဒေ ကြမ်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရှင်ကျန်းဒေသက မွတ်ဆလင်လူနည်းစုတွေကို ဖိနှိပ်တာမှာ အသုံးပြုတယ်လို့သိထားတဲ့ နည်းပညာနဲ့ပစ္စည်းကိရိယာတွေကို အမေရိကန်ဘက်ကနေ မပို့အောင် ကူးသန်းရောင်းဝယ်ရေး ဌာနက ပိတ်ပင်ကန့်သတ်ဖို့လည်း ပြဌာန်းထားပါတယ်။

Your browser doesn’t support HTML5

ဝီဂါ ဖိနှိပ်မှုဆိုင်ရာ ကန် ဥပဒေကြမ်း တရုတ်ပြင်းပြင်းထန်ထန် ကန့်ကွက်


( Unicode)














