တရုတ်ပြည် သတင်းလွတ်လပ်ခွင့်အခြေအနေ

တရုတ်နိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရှိဖို့ ကိစ္စက မလွယ်ပါဘူး။ အထူးသဖြင့် လက်ရှိသမ္မတ ရှီကျင်းပင်လက်ထက်မှာ သတင်းလွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေတာကြောင့် ပိုပြီးမျှော်လင့်ဖို့ ခက်နေပါတယ်။ တရုတ်အာဏာပိုင်တွေဘက်က နည်းပညာတွေကိုသုံးပြီး အစိုးရနဲ့ သဘောထားကွဲလွဲသူတွေရဲ့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်တွေကို ဖြိုခွင်းနေတဲ့အကြောင်း Bill Ide နဲ့ Joyce Huang ရေးသားထားတဲ့သတင်းကို ကိုကျော်အောင်လွင် ဆက်ပြောပါလိမ့်မယ်။

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း သတင်းလွတ်လပ်ခွင့် အပေါ်ဖိနှိပ်မှုတွေက သိသိသာသာ ရှိခဲ့တာပါ။ တရုတ်ပြည်သူတွေ အတွက် သတင်းတွေရနိုင်မယ့် လမ်ကြောင်းတွေကို ပိတ်ဆို့တာ၊ တွစ်တာလို လူမှုကွန်ယက်တွေအတွင်း ကိုယ့်သဘော ထားအမြင်တွေ၊ သတင်းအချက်အလက် ရေးသားတင်ပြတာတွေကိုလည်း ပိတ်ပင်မှုတွေ လုပ်နေပါတယ်။ ခေတ်သစ်နည်း ပညာတွေကို သုံးပြီး တရုတ်အာဏာပိုင်တွေက သတင်းလွတ်လပ်ခွင့်ကို ဖိဖိစီးစီးနှိပ်ကွပ်နေတာပါ။

ကမ္ဘာမှာစီးပွါးရေးအရ ဒုတိယအကြီးမားဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ ထောင်နဲ့ချီတဲ့ အင်တာနက်ဝဘ်ဆိုဒ်တွေကို ပိတ်ပင်ထားပါတယ်။ Facebook, Gmail, Google, Instagramနဲ့ Pinterest လို ဓါတ်ပုံသက်သက်တင်တဲ့ ဝဘ်ဆိုဒ်မျိုးတွေကိုပါ ပိတ်ထားတာပါ။ သတင်းဝဘ်ဆိုဒ်တွေထဲကဆိုရင် VOA အင်္ဂလိပ်ပိုင်း၊VOA တရုတ်ပိုင်း၊ BBC၊ The New York Times၊ Bloomberg နဲ့ တခြားဝဘ်ဆိုဒ်တွေ တော်တော်များများကို ပိတ်ထားပါတယ်။

ပညာရှင်တွေ၊ အခွင့်အရေး အကျိုးဆောင်တွေရဲ့ အင်တာနက်လူမှုကွန်ယက်တွေအတွင်း ရေးသားချက်တွေကို အပြီး တိုင်ဖယ်ရှားတာတွေတင်မက တချို့ဆိုရင် လူမှုကွန်ယက်အတွင်းရေးသားမှုတွေကိုရပ်မလား၊ ထောင်ထဲသွားမလားဆိုပြီး အာဏာပိုင်တွေဘက်က သတိပေးတဲ့အထိရှိခဲ့တာပါ။ အဲဒီအထဲမှာ တချို့ကသူများရေးထားတဲ့ စာကို ကိုယ့်စာမျက်နှာမှာ ပြန်တင်တာမျိုး၊ သူများစာမျက်နှာကို အများကြည့်နိုင်အောင် ချိတ်ဆက်ပေးတာမျိုးလောက်နဲ့တင် အာဏာပိုင်တွေရဲ့ သတိပေးတာကို ခံနေရတာပါ။ အခုလိုတင်းတင်းကျပ်ကျပ်ထိမ်းချုပ်ဖိနှိပ်မှုတွေက သမ္မတရှီကျင်းပင်လက်ထက်မှာ သိသိသာသာ လုပ်ဆောင်နေတာပါ။

အခုလိုတင်းကျပ်မှုတွေကြောင့် တရုတ်ပြည်သူတွေရဲ့ သဘောထားအမြင်တွေကို ပြင်ပကမ္ဘာကသိဖို့ ခက်လာနေတယ်လို့ နယူးယောက်အခြေစိုက် Freedom Houseအဖွဲ့ရဲ့ ဆင်ဆာတည်းဖြတ်မှုစောင့်ကြည့်ရေးဌာနက သုတေသီ Sarah Cook ကပြောပါတယ်။

"တရုတ်နိုင်ငံအတွင်း တွစ်တာသုံးစွဲနေသူတွေထဲက တချို့ဟာ နိုင်ငံခြားသတင်းသမားတွေအတွက် အရေးကြီးတဲ့ သတင်း အရင်းအမြစ်တွေပါ။ တွစ်တာမှာသူတို့ရဲ့ဖေါ်ပြချက်တွေ၊ အသံတွေ၊ သူတို့ရဲ့အမြင်တွေ၊ သတင်းအချက် အလက်တွေတင်မက ဗီဒီယိုတွေကိုပါမြင်ရကြားရတာပါ။"

လူဦးရေ သန်းပေါင်းရှစ်ရာကျော်ရှိတဲ့ တရုတ်နိုင်ငံမှာ တွစ်တာ လူမှုကွန်ယက်သုံးစွဲသူက ၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းလောက်ပဲ ရှိတာပါ။VOA တရုတ်ဌာနရဲ့ သတင်းဝဘ်ဆိုဒ်လက်ခံကြည့်ရှုတဲ့ ပုံမှန်ပရိတ်သတ်က ၇၈၀,၀၀၀ ကျော်ရှိပါတယ်။ တရုတ်အစိုးရပိုင်ရှင်ဟွာသတင်းဌာနရဲ့ အင်္ဂလိပ်လိုစာမျက်နှာမှာ ပုံမှန်ပရိတ်သတ်က ၁၂သန်းကျော်ရှိပြီး ရှင်ဟွာရဲ့ တရုတ်ဘာသာစာမျက်နှာမှာတော့ ပရိတ်သတ်တသန်းကျော်ပဲ ရှိပါတယ်။

လက်ရှိတရုတ်သမ္မတ ရှီကျင်းပင်မတိုင်ခင်က အုပ်ချုပ်ခဲ့တဲ့ သမ္မတ ဟူဂျင်တောင်းလက်ထက်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအတွက် နေရာပိုရခဲ့တဲ့အပြင် အင်တာနက်လူမှုကွန်ယက်သုံးစွဲမှုတွေလည်း သိပ်ပြီးတင်းကျပ်မှုတွေ မရှိခဲ့ပါဘူး။ ရှီကျင်းပင်တက်လာပြီးကတည်းက ခေတ်မီနည်းပညာတွေပိုသုံးပြီး သတင်းလွတ်လပ်ခွင့်ကိုအပီအပြင်ထိမ်းချုပ်လာတယ် လို့နယ်မယ်ကျော် တရုတ်ဘလော့ဂါတဦးဖြစ်တဲ့ Zuo La ကပြောပါတယ်။

"ရှီကျင်းပင်က သူ့ရဲ့အာဏာကို ခိုင်မာအောင် အတင်းအကျပ်ချုပ်ကိုင်ထားတာ ရှင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ လက်ထက်မှာ လွတ်လပ်စွာပြောဆိုရေးသားခွင့်တွေအတွက် နေရာမရှိသလောက်ပါပဲ။ အခုဆိုတရုတ်နိုင်ငံအတွင်းမှာ အသေအချာစုံစမ်းထောက်လှမ်းပြီး ရေးသားတင်ပြတဲ့ သတင်းသမားတွေ နည်းသည်ထက်နည်းလာနေပါပြီ။ တရုတ်ပြည် သူတွေရဲ့လွတ်လပ်စွာပြောဆိုခွင့်တွေလည်း ဖိနှိပ်ခံထားရတာပါ။ ကိုယ့်ရဲ့အမြင်ကိုပြောဆိုမှုကြောင့် အဖမ်းခံရသူတွေ လည်းတိုးလာနေပါတယ်။"

တရုတ်ဘလော်ဂါ Zuo Laဟာ ရှီကျင်းပင်အာဏာမရခင်မှာပဲ တရုတ်နိုင်ငံထွက်လာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ဇနီးကထိုင်ဝမ်သူ ဖြစ်ပါတယ်။ အခုတော့သူတို့၂ ဦးလုံး ထိုင်ဝမ်မှာ နေကြပါတယ်။

တရုတ်အစိုးရဟာ သူတို့သဘောထားတွေကို ဝါဒဖြန့်ချီဖို့ ခေတ်မှီနည်းပညာတွေကိုအကြီးအကျယ်သုံးနေသလို ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေကိုလည်း အပြင်းအထန်ဖိနှိပ်နေတာပါ။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက တရုတ် အစိုးရပိုင်ဆင်ဟွာသတင်းကနေ ကမ္ဘာ့ပထမဆုံး စက်ရုပ်သတင်းတင်ဆက်သူကို သုံးပြခဲ့ပါတယ်။ AI လို့ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာကို သုံးစွဲထားတာပါ။

Your browser doesn’t support HTML5

တရုတ်ပြည် သတင်းလွတ်လပ်ခွင့်အခြေအနေ