သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့နဲ့ မြန်မာနိုင်ငံသတင်းမီဒီယာ


နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (မေ၊ ၀၃၊ ၂၀၁၅)

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံက သတင်းမီဒီယာတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ သတင်းသမားတွေ ဖမ်းဆီးအရေးယူခံနေရတဲ့ အခြေအနေတွေကို မြန်မာသတင်းလောကက မီးမောင်းထိုး ပြောဆိုလိုက်ကြပါတယ်။ မြန်မာအစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တွေကလည်း သတင်းလွတ်လပ်ခွင့်အတွက် သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြပေမဲ့ သတင်းမီဒီယာအပေါ် သဘောထားနဲ့ ပတ်သက်လို့ မေးခွန်းထုတ်နေကြတာပါ။ အပြည့်အစုံကိုတော့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အရပ်သား အစိုးရလက်ထက်မှာ မြန်မာ့စာနယ်ဇင်းသတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေဟာ ပိုပြီးတော့ ဆိုးဝါးလာပြီးအခက်ခဲတွေနဲ့ ရင်ဆိုင်လာနေကြရတဲ့ အနေအထားဖြစ်လာနေတယ်လို့ မြန်မာစာနယ်ဇင်းသမားတွေက ဝေဖန်သုံးသပ်လိုက်ကြပါတယ်။

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှု ကာလတလျောက် သတင်းလွတ်လပ်မှန်ကန်ရေး ကြိုးပမ်းခဲ့သူတွေရဲ့ စွမ်းဆောင်ချက်ကို အသိအမှတ်ပြုကြောင်းနဲ့ ဒီမိုကရေစီကူးပြောင်းစ အခြေအနေမှာ စာနယ်ဇင်းသမားတွေအနေနဲ့ တဘက်စောင်းနင်းအတွေးအခေါ်တွေ တရားသေအစွဲအလမ်းတွေကို လျော့ပြီး ငြိမ်းချမ်းတရားမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နေ့စဉ်မှီဝဲနေတဲ့ သတင်းစကားတိုင်းဟာ သန့်ရှင်းစင်ကြယ်ပြီး မူလအတိုင်း မှန်မှန်ကန်ကန်ဖြစ်ဖို့ အရေးကြီးတယ်လို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ သူ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောထားပါတယ်။

အခုလိုနိုင်ငံ့ခေါင်းဆောင်တွေရဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ပေးပို့တဲ့သတင်းစကားတွေကနေ မြန်မာနိုင်ငံရဲ့ လက်ရှိစာနယ်ဇင်းသတင်းသမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှု အခြေအနေတွေကိုတော့ သတင်းသမားတဦးလည်းဖြစ် Internews သတင်းမီဒီယာရဲ့ သတင်းမီဒီယာအကြံပေး ဦးစိန်ဝင်းက အခုလိုသုံးသပ်ပါတယ်။

"သဝဏ်လွှာကို ဖတ်မိတော့ ဘာကိုတွေ့ရလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီသတင်းစာလွတ်လပ်ခွင့်နဲ့ သူက နိုင်ငံရေးအရကြည့်တာပဲ ပိုတယ်။ သူချီးကျူးထားတာက ဘာလဲဆိုတော့ သတင်းစာသမားတွေ ဒီရုန်းကန်ရတဲ့ ကာလ တော်လှန်ရေးကာလပေါ့လေ။ ဒီစစ်အုပ်ချုပ်ရေး စစ်သေနတ်အောက်ကနေပြီးတော့ ရုန်းထွက်ရတဲ့ ကာလမှာ ရုန်းကန်တဲ့ သတင်းစာသမားတွေကို အသိအမှတ်ပြု ချီးကျူးထားတာတွေ့တယ်။ ဒီနေ့ခေတ်သတင်းစာလောကမှာကျတော့ ရပ်တည်ပုံ မမှန်ဘူးပေါ့...ဆိုတဲ့ဟာ။

သူဆိုလိုချင်တဲ့ဟာ ကျနော်နားလည်လိုက်တာကတော့ ဟုတ်ပြီ... သတင်းစာသမားက ရုန်းကန်တဲ့လူတွေကတော့ လူကောင်းတွေ ဒါပေမဲ့ ဒီနေ့ခေတ်မှာ အဲ့လို ရုန်းကန်မှုလည်းမပါဘဲနဲ့ သတင်းစာလုပ်နေတဲ့ဟာတွေက သုံးမရဘူးဆိုတဲ့ဟာမျိုး ဖြစ်နေတယ်။ အမှန်တော့ ကျနော်တို့လူတိုင်းကတော့ ဒီတော်လှန်ရေးထဲမှာ ဘယ်ပါနိုင်မတုံး။ သူ့ခေတ်သူ့အခါအလျောက်ပေါ့နော်။ ကျနော်တို့ သတင်းစာလောကကို ဝင်ရောက်လာတဲ့ လူငယ်တွေ ဒါတွေကို အကောင်းမြင်တတ်တဲ့စိတ်နဲ့ ကြည့်သင့်တယ်။ အဲ့လို အကောင်းမြင်တတ်တဲ့ စိတ်နဲ့ မကြည့်ဘဲနဲ့ မင်းတို့ကတော့ မစွန်ပါဘူးကွာဆိုတဲ့ဟာမျိုး ဖြစ်တာကတော့ မကောင်းဘူး။ ကျနော့်အမြင်ကတော့ အဲ့ဒါ လွဲမှားတဲ့ ခံယူမှုလို့ပဲ မြင်ပါတယ်။"

မြန်မာ့နိုင်ငံရေးလေ့လာ အကဲခတ်နေသူ နိုင်ငံခြားသတင်းသမားတဦးလည်းဖြစ်တဲ့ ကိုသီဟသွေးကလည်း မြန်မာသတင်းသမားတွေရဲ့ အနာဂတ်သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ ပိုအခြေအနေဆိုးလာမယ့် အနေအထားကို မြင်နေရတယ်လို့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ မြန်မာသတင်းမီဒီယာလောက အခြေအနေကို သုံးသပ်ပါတယ်။

"အဓိကကတော့လေ ကျနော်တို့ တိုင်းပြည်တည်ဆောက်ရေး၊ ပြန်လည်တည်ဆောက်ရေးလို့ပြောတဲ့အခါမှာ ကျနော်တို့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကို အစိုးရကလည်းလုပ်နေတယ်။ တပ်မတော်ကလည်းပါတယ်ပေါ့နော်။ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက်ကို အားလုံးက လုပ်ပေမဲ့ အဲ့တိုင်းပြည်တည်ဆောက်ရေးထဲမှာ ကျနော်တို့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ကျနော်တို့ စာနယ်ဇင်းလောက စတုတ္ထမဏ္ဍိုင်ပေါ့နော်။ ကျနော်တို့ မီဒီယာအခန်းကဏ္ဍကရော မပါဘူးလားလို့မေးစရာရှိတယ်။

အဲ့ဒီအချိန်မှာ ကျနော်တို့လည်း တိုင်းပြည်မှာရှိတဲ့ လိုတဲ့ အခြေခံ အဆောက်အဦးတခုလိုပဲ တည်ဆောက်ပြုပြင်ဖို့ လိုတာတွေအများကြီးပဲ။ သို့သော်အဲ့ဒီဘက်ကို တည်ဆောက်ပြုပြင်တဲ့သူတွေက အာရုံမထားဘဲနဲ့ အခုလိုမျိုး နိုင်ငံရေးအားပြိုင်မှုတွေကြားမှာ ကျနော်တို့ ကြားညှပ်ပြီးတော့ မြေစာပင်လိုမျိုး ဖြစ်လာတဲ့ ပြဿနာဟာ ကျနော်တို့ မီဒီယာလောကတွက် အနာဂတ်ပေါ့နော်... ဒီလာမယ့် ကျနော်တို့ ရွေးကောက်ပွဲမတိုင်ခင် ကာလတွေမှာ ပိုပြီးကြီးမားတဲ့ ဖိအားတွေဖြစ်လာမယ်။ ကျနော်တို့ မီဒီယာရဲ့ မြန်မာပြည်မှာရှိတဲ့ မီဒီယာရဲ့ အခန်းကဏ္ဍဟာလည်း ပိုပြီးတော့ ခြောက်ခြားဖွယ်ရာကောင်းလာဖို့ ရှိတယ်လို့ မြင်ပါတယ် ခင်ဗျ။"

မြန်မာနိုင်ငံတွင်း သတင်းသမားတွေ သတင်းယူရာမှာ ခြိမ်းခြောက်ခံရတာတွေ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရတာတွေ ရှိနေပြီး ဒီအတွက် သတင်းသမားတွေကို လုံလုံလောက်လောက် အကာအကွယ်ပေး နိုင်မှုမရှိခဲ့တဲ့ အပြင် သတင်းလွတ်လပ်ခွင့် ကို အားပေးတဲ့ ဥပဒေပြင်ဆင်မှုတွေ ဥပဒေသစ်ရေးဆွဲမှုတွေကိုလည်း မလုပ်နိုင်ခဲ့ဘူးလို့ Pen Myanmar အဖွဲ့က စစ်တမ်းထုတ် ဝေဖန် ထောက်ပြထားပါတယ်။

ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ သတင်းလွတ်လပ်ခွင့် အညွန်းကိန်းမှာလည်း မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အဆင့်အတန်းဟာ အရင်နှစ်ကထက်စာရင် အဆင့်တစ်ဆင့် လျော့ကျသွားကြောင်း ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG