စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် တိုက်ပွဲကြောင့် လူ၃၀၀ကျော် နေရပ်စွန့်ခွာ

တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသ (ဓာတ်ပုံ - VOA)

(Zawgyi/Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့အရှေ့ဘက်ရှိ ဖောင်းဆိုင်ကျေးရွာနားမှာ ဒီနေ့ မနက်က စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်အကြားတိုက်ပွဲဖြစ်ပွားတာကြောင့် လူ ၃၀၀ကျော်နေရပ်စွန့်ခွာ တိမ်းရှောင် နေရပါတယ်။ မုံးကိုးဒေသမှာ စစ်ရေးတင်းမာဆဲဖြစ်ပြီး ရှေ့ဆက် တိုက်ပွဲဖြစ်မယ့် အလားအလာတွေ ရှိနေသလို ဒီမနက်မှာပဲ ကချင်ပြည်နယ် ဖားကန့်ဒေသမှာလည်းတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုငြိမ်းချမ်း ပြောပြမှာပါ။

ဒီရက်ပိုင်းတွေအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့အကြားမှာ မကြာခန တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေတာပါ။

ဒီကနေ့ မနက်ပိုင်းမှာလည်း မူဆယ်မြို့နယ် မုံးကိုးမြို့အရှေ့ဘက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသက ဖောင်းဆိုင်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မူဆယ်ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ဒီမနက် ၇နာရီကနေ ၁၀နာရီလောက်အထိ အဲဒီဖောင်းဆိုင်နားမှာပဲ ဖြစ်တယ် ပြောတယ်။ နောက် ဖောင်းဆိုင်နဲ့ အနီးအနားမှာလည်း သူတို့ ဖြစ်ဖို့ ရှိနေတယ်လို့ ပြောတယ်။ ကိုးကန့်လို့ ပြောတာပဲ။ မနေ့ကလည်း ဖြစ်တယ်။ ဒီမနက် အစောကြီးလည်းဖြစ်တယ်။ အခုက နောက်ထပ်ထပ်ဖြစ်ဖို့လည်း အခြေအနေက တင်းမာနေတယ်လို့ ပြောတယ်။”

ဒီတိုက်ပွဲကြောင့် ကျေးရွာ ၄ရွာက လူ ၃၀၀ကျော်ဟာ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံရေးစခန်း IDP camp မှာ နေထိုင်နေရတယ်လို့လည်း ဆက်ပြောပါတယ်။

“အခု ကျနော်တို့ ကျေးရွာက ၄ရွာ။ အိမ်ခြေက ၈၈။ ကျား၊ မအားလုံးပေါင်းက ၃၃၀။ အခုသူတို့ IDP စခန်း ဖောင်းဆိုင်နဲ့ နီးတဲ့နေရာပေါ့။ အဲဒီနေရာမှာ IDP စခန်းလုပ်ပြီးတော့ နေကြတယ်။”

လောလောဆည်မှာတော့ စစ်ရှောင်တွေကို ကူညီထောက်ပံ့မယ့်သူ မရှိသေးကြောင်းနဲ့ ဘာသာရေး၊ လူမှုရေးအဖွ့ဲအစည်းတွေက ကူညီဖို့ ရှိပေမဲ့ Covid ကပ်ရောဂါကြောင့် မုံးကိုးမြို့မှာ Lockdown ပြုလုပ်နေတဲ့ သတင်းတွေကြောင့် သွားလာဖို့ ခက်ခဲနေကြောင်းလည်း ပြောပါတယ်။

ဒီလ ၄ရက်နေ့ကလည်း မုံးကိုးမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း စတဲ့ဒေသတွေမှာတော့ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်ခေါ် KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်အကြားမှာ မကြာခန တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့သလို ကချင်ပြည်နယ် ဖားကန့်ဒေသမှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို KIA က မိုင်းဆွဲတိုက်ခိုက်တာ ရှိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုကတော့ ဖားကန့်မြို့နယ် ဆိုင်းအောင်ရွာအနီးမှာ ဖြစ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆိုင်းအောင်ဆိုရင်တော့ ဆိုင်းတောင်အထွက် တာမခန်နဲ့ ဒီဝေခါ လမ်းခွဲ ၊ အဲဒီဆိုင်းအောင်ပေါ့နော် ။ မနက် ၅နာရီလောက်မှာ ဖြစ်မယ်။ ကျနော်ကြားတာတော့ ဆွဲမိုင်းလို့ ပြောတယ်။ နစက ဘက်ကတော့ အထိအခိုက်ရှိတယ်လို့ ပြောတယ်။”

ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ သေချာမသိရသေးကြောင်းလည်း ပြောပါတယ်။ ဒေသတွင်း သတင်းမီဒီယာတချို့က စစ်ကောင်စီတပ်က ၅ဦးသေဆုံးကြောင်း ဖော်ပြတာတွေ ရှိပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

တနင်္လာနေ့ ညပိုင်းကလည်း မြစ်ကြီးနားမြို့အထွက် ဗလမင်းထင်တံတားမှာ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ဒီပစ်ခတ်မှုကတော့ စစ်ကောင်စီတပ်က တပ်လှန့်ပစ်ခတ်တာဖြစ်ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။ ဇွန်လ ၂၃ရက်နေ့က ဗလမင်းထင်တံတားက စုပေါင်းဂိတ်ကို KIA က တိုက်ခိုက်ခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၈ခုနှစ်ကနေ စတင်ပြီး တိုက်ပွဲတွေ ငြိမ်သက်ခဲ့ရာက ဒီနှစ် မတ်လအတွင်းမှာ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့သလို နေရာဒေသ အတော်များများမှာ KIA က တပ်မတော် တပ်စခန်းနဲ့ စစ်ယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

............................................................................................

Your browser doesn’t support HTML5

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် တိုက်ပွဲကြောင့် လူ၃၀၀ကျော် နေရပ်စွန့်ခွာ



(Unicode)














