သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေ့ါဖုန်းယန်မှာ မြန်မာစစ်တပ်ယာဉ်တန်းကို KIA တိုက်ခိုက်


ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အတူ ABSDF ( မြောက်ပိုင်း ) တို့မြန်မာစစ်တပ်နဲ့ပစ်ခတ်မှုဖြစ်ပွားစဉ် (Soe Than WIN / AFP)
ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အတူ ABSDF ( မြောက်ပိုင်း ) တို့မြန်မာစစ်တပ်နဲ့ပစ်ခတ်မှုဖြစ်ပွားစဉ် (Soe Than WIN / AFP)

(Zawgyi/Unicode)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေ့ါဖုန်းယန်မြို့နယ်အတွင်းမှာ ဒီကနေ့ ဇွန် ၇ ရက်နေ့ မနက်က တပ်မတော်ရဲ့ စစ်ယာဉ်တန်းကို ကချင်လက်နက်ကိုင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သလို အရင်ရက်တွေကလည်း အင်ဂျန်းယန်မြို့နယ်ဘက်မှာ အလားတူ တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ တိုက်ပွဲတွေဟာ ကချင်ပြည်နယ်နေရာဒေသအတော်များများမှာဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ဒေသခံတွေဟာ တောင်ယာစပါး စိုက်ပျိုးဖို့အတွက် အခက်ကြုံနေပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်ကနောက်ဆုံးအခြေအနေတွေကို ကိုငြိမ်းချမ်း ကပြောပြထားပါတယ်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့ အကြား မတ်လက စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ မြောက်ဖက်ပိုင်း ပူတာအို၊ တနိုင်းကစတင်ပြီး ဗန်းမော်၊ရွှေဂူ၊ မိုးမောက်၊မန်စီ နဲ့ ဖားကန့် စတဲ့မြို့နယ်တွေအထိ ဖြစ်ပွားနေသလို စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအထိပါ ပျံ ့နှံ့လာနေတာပါ။
ဒီကနေ့ မနက် ၁၀နာရီလောက်ကတော့ ဗန်းမော်ခရိုင် မိုးမောက်ဖက်က တက်လာတဲ့ စစ်တပ်ရဲ့ ယာဉ်တန်းကို ဒေါ့ဖုန်းယန်မြို့နယ်အတွင်းမှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံက VOA ကို ပြောပါတယ်။

“ ဒီနေ့တော့ ဒီ တပ်ကနေ ဒေါ့ဖုန်းယန်ဘက်ကို ရိက္ခာပို့တာလေ။ ဟို ရင်ကွဲတောင်မှာ KIO တွေ ဝင်တိုက်တာလေ။ ဒီမနက် ၁၀နာရီလောက်ကနေ ၁၁နာရီကျော်။ ၁၂နာရီ ထိုးခါနီး ၁နာရီခွဲလောက်ပေါ့။ တိုက်တာ။ အထိအခိုက်တော့ ဘာမှတော့ မကြားရသေးဘူး။”
မိုးမောက်နဲ့ ဒေ့ါဖုန်းယန်မြို့နယ်တွေအတွင်းမှာ စစ်ကောင်စီဘက်က စစ်အင်အားတွေ တိုးချဲ့ ချထားနေသလို ဒီလ ၃ရက်နေ့ကလည်း အူထန်ယန်အနီးမှာ စစ်ယာဉ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်တာတွေ ရှိခဲ့ ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက KIA က မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးက စစ်ရေးအရ အရေးကြီးတဲ့ အလော့ဘွမ်တပ်စခန်းကို KIA က သိမ်းပိုက်ခဲ့တဲ့နောက် ဒီဒေသအတွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ်။ အလော့ဘွမ်စခန်းပြန်လည် သိမ်းယူနိုင်ရေးအတွက်လည်း စစ်အင်အား တိုးမြှင့်လာနေတာကြောင့် မကြာမီ တိုက်ပွဲကြီးတွေဖြစ်လာမယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

မိုးမောက်နဲ့ ဒေ့ါဖုန်းယန်မြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ မြစ်ဆုံအထက်ပိုင်း အင်ဂျန်ယန်ဘက်မှာလည်း ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာနေကြောင်း အင်ဂျန်းယန် ဒေသခံတစ်ယောက်က ပြောပါတယ်။
“ အခုတစ်လော စစ်ပဲ ဖြစ်နေတာ။ သွားသွားလာလာ လမ်းတောင်မှ ပိတ်နေတာ။ ဂွေထောင် ၅မိုင်အထက်ပေါ့။ စစ်တပ်တွေက အင်ဂျန်းယန်မှာ တက်တဲ့အခါကျ လမ်းမှာ KIA တွေနဲ့ ဆုံပြီးမှပဲ တိုက်ပွဲဖြစ်ကြတာ။ အခု ၃- ၄ရက်ရှိပြီ။ ဟိုမှာကျန်နေတဲ့သူတွေလည်း တောထဲမှာပဲ ရှိနေတာ။ အေး ဘွမ်နင်ယမ် ကျေးရွာမှာ စပါး စိုက်မယ်ဆိုပြီးမှ တချို့တွေက အိမ်ပြန်ကြတာလေ။ အဲဒါပြန်ချိန်မရဘူး။ လမ်း ပိတ်လိုက်ပြီဆိုတာနဲ့ အဲဒါ သူတို့က ကြောက်ပြီးမှပဲ တောထဲမှာပဲ ပုန်းနေကြတာပေါ့။ ဗုဒ္ဓဟူးနေ့ကနဲ့ လမ်းပိတ်လိုက်တာ အခုလည်း မဖွင့်သေးဘူး။”

မတ်လက တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် အင်ဂျန်းယန်မြို့နယ်က ဒေသခံ ၄၀၀ လောက်ဟာ မြစ်ကြီးနားမြို့ အနီးက ပလနကျေးရွာက စစ်ဘေး ဒုက္ခသည်စခန်းမှာ တိမ်းရှောင်နေကြတာပါ။ အခုလို မိုးရာသီမှာ နေရပ်ပြန် တောင်ယာစပါးစိုက်ဖို့ ပြင်ဆင်နေချိန် တိုက်ပွဲဖြစ်ပွားပြီး လမ်းပိတ်လိုက်တာ ကြောင့် ဒုက္ခသည်စခန်းကို ပြန် မလာနိုင်ဖြစ်နေကြတာပါ။
လက်ရှိ တိုက်ပွဲတွေကြောင့် တောင်ယာစပါး စိုက်ဖို့ အတွက် စိုးရိမ်နေရကြောင်းလည်း အခုလို ပြောပါတယ်။
“ ဒီ ၆လပိုင်း လဆန်း ၁ရက်ကနေပြီးတော့ စိုက်ဖို့ အချိန်ရောက်ပြီလေ။ ဇွန်လ မကုန်ခင်တော့ စိုက်လို့ ရတယ်။ အခုဆိုတော့ စိုက်ဖို့ အချိန်တော့ရမလား။ ဒီတိုင်းပဲ ဖြစ်တော့ မလား။ ဘယ်လိုလဲတော့ မသိသေးဘူး။”

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ မိုးမောက်မြို့နယ်ဘက်မှာလည်း တောင်ယာစိုက်ဖို့ အခက်ကြုံနေကြောင်း တိုက်ပွဲဖြစ်ပွားရာနေရာက ဒေသခံက ပြောပါတယ်။
“ ကျနော်တို့လည်း လယ်လုပ်ရမလား။ မလုပ်ရဘူးလား စိတ်ညစ်နေတယ်။ လုပ်ရမလိုလို၊ မလုပ်ရမလိုလိုနဲ့ ဒီမှာ တစ်ယောက်နဲ့ တစ်ယောက် ညှိနေကြတာပေါ့။ လုပ်ပြီးမှ ကောင်းသွားရင်တော့ နောက်နှစ်အတွက် စားဖို့အတွက်လေ။ ဒီနှစ် မလုပ်လိုက်ရရင် နောက်နှစ်အတွက် တအားဒုက္ခရောက်ပြီထင်တယ်။ စားဖို့လေးတော့ လုပ်ရမယ်ထင်တယ်။ စဉ်းစားနေတာလေ ကျနော်တို့လည်း။”

မိုးမောက်မြို့နယ်အတွင်းက ဒေသခံတွေဟာ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြရဆဲဖြစ်သလို ပြီးခဲ့တဲ့လကလည်း သူတို့ စိုက်ပျိုးထားတဲ့ မြေပဲခင်းအများစုကို အချိန်မီ မရိတ်သိမ်းနိုင်တာကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ကြပါတယ်။

ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကတော့ မိုးမောက်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင် ပြည်တွင်းဒုက္ခသည် ၅ ထောင် ကျော်လောက် ရှိမယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KIA အကြားတိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်မှာလည်း ဒီလ ၅ ရက်နဲ့ ၆ ရက်နေ့ကပြီး စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း MNDAA ခေါ် လက်နက်ကိုင် ကိုးကန့်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

.......................................................................

တိုက်ရိုက် လင့်ခ်


(Unicode)









XS
SM
MD
LG