မိုးဗြဲအနီး ၅ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်

မိုးဗြဲမြို့

ရှမ်းနဲ့ ကရင်နီနယ်စပ် မိုးဗြဲမြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်နေတာ ဒီနေ့ဆိုရင် ၅ ရက်ဆက်တိုက် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ဖယ်ခုံမြို့နယ်မှာတော့ နှစ်ဘက် တိုက်ပွဲမရှိပေမယ့် အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ဆင့်ကဲ ပြောင်းရွှေ့နေကြရပါတယ်။ မိုးဗြဲနဲ့ ဖယ်ခုံဘက်က နောက်ဆုံး အခြေအနေ သတင်းပေးပို့ချက်ကို ကိုဝင်းခန့်မောင် က တင်ပြပေးပါမယ်။

ရှမ်းနဲ့ ကရင်နီနယ်စပ် မိုးဗြဲမြို့အနီးက ဆောင်ကန်းကျေးရွာ တဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား ဒီကနေ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့နဲ့ပါဆိုရင် ဆောင်ကန်းရွာတဝိုက် တိုက်ပွဲ ဖြစ်နေတာ ၅ ရက်လောက်ရှိနေပြီလို့လည်း ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေ စစ်ကြောင်း ထိုးလာတဲ့အတွက် ကရင်နီ ပူးပေါင်းတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေတာလို့ အနီးနားကျေးရွာက ဒေသခံတဦးက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

"ဆောင်ကန်းဘက်က တိုက်ပွဲဖြစ်နေတာဗျ။ ကျနော်တို့ရွာလည်း ဆောင်ကန်းနဲ့နီးတော့ အဲ့ဘက်တကျောကတော့ တိုက်ပွဲတော့ အမြဲတမ်း ဖြစ်နေတယ်ပေါ့နော်ဟုတ်။ ဒီနေ့ကတော့ ကျနော်တို့ ဆောင်ကန်းကိုမှ အရှေ့ဘက်ကမ်း ထိုးတက်သွားတဲ့ လမ်းမှာလည်း တိုက်ပွဲဖြစ်တယ်။ နောက် ကျနော်တို့ ရွာအကျော်မှာ သစ်ဆိပ် သစ်လုံးမှာလည်း တိုက်ပွဲဖြစ်နေတယ်ဗျ။ ၄ ၅ ရက်လောက် ကြာသွားပြီ။ မိုးဗြဲကနေ သူတို့ဆင်းလာတယ်ပေါ့။ ဆင်းလာတော့ ဆောင်ကန်းမှာ တထောက်နားတယ်။ ဆောင်ကန်းမှာ တထောက်နားလို့ သတင်းကြားတဲ့ အချိန်မှာ ဒေသခံတွေက ရှောင်ကြတယ်ပေါ့နော်။ သူတို့ ဒီတိုင်း ခြေလျင်နဲ့ပဲ စစ်ကြောင်း ထိုးတယ်ပေါ့နော်။ ဒီတခေါက်ကျတော့ တော်တော်ကြာတယ် ပြောရမယ်ဗျ။ ခါတိုင်းဆို စစ်ကြောင်း ထိုးလို့ရှိရင် ကုန်းကြောင်းနဲ့ တတန်ဆို ကုန်းကြောင်းနဲ့ တတန်ကားနဲ့ ဖြတ်သွားတယ်။ ခြေလျင်နဲ့ ဖြတ်ရင်လည်း ဖြတ်သွားတယ်။ အခုကျတော့ ၃ ရက်ဆက်တိုက်ကို ခြေလျင်နဲ့ သွားလာ​နေကြတယ်ပေါ့နော်။"

စစ်ကောင်စီတပ်တွေဟာ မိုး​ဗြဲမြို့ကနေ ဆောင်ကန်း ကျေးရွာလမ်းအတိုင်း နေ့စဥ်လိုလို စစ်ကြောင်းဆင် လှုပ်ရှားနေတာမို့ ကျေးရွာ အတော်များများက ရွာသူရွာသားတွေ ရွာထဲမှာ မနေရဲကြတော့ဘဲ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအတောအတွင်း လတ်တလော တိုက်ပွဲ တည်ငြိမ်နေတဲ့ ဖယ်ခုံမြို့နယ် အရှေ့ခြမ်း မီးဆီးလော ကျေးရွာဘက်မှာလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတဲ့အကြောင်း ရွာခံတဦးက ပြောပါတယ်။

"မနေ့ည ညအချိန်ဆိုလည်း ဘယ်ဘက်မှ ပစ်တာတော့ မဟုတ်ဘူးပေါ့။ သူတို့ဟာ သူတို့ ရမ်းလျှောက်ပစ်နေတယ်လေ။ လက်နက်ကြီးတွေ ဆီးမီးလော ရွာထဲမှာ ၃ လုံး ကျတယ်။ နောက် ဟို တောင်စောင်းဘက်မှာ ၂ လုံး။ နောက် လယ်ထွန်ဘက်မှာ ၂ လုံးလား ၃ လုံးလား မသိဘူး။ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တယ်လေ။ ညအချိန်လေ။"

ဒီလို ပစ်ခတ်မှုတွေကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးတာ ရှိပေမယ့် လူ ထိခိုက် သေကြေမှု ရှိမရှိတော့ လောလောဆယ် မသိရသေးဘူးလို့လည်း အဲ့ဒီဒေသခံက ပြောပါတယ်။

"စနေ့ညကတည်းက လယ်ထွန်က လူတွေ ပြည်သူတွေက အကုန်လုံး စစ်ရှောင်တယ်ပေါ့နော်။ စစ်ရှောင်စခန်းမှာ သူတို့ အကုန်လုံး သွားနေတယ်။ နောက် အနောက်ကနေ လက်နက်ကြီးတွေ ရမ်း ရမ်း လျှောက်ပစ်တော့ အိုးအိမ်ပျက်စီးတာတော့ တချို့ရှိတယ်ပေါ့နော်။ ထိခိုက်တဲ့လူရှိ မရှိ အဲ့ဒါတော့ အတိအကျတော့ ကျမတို့လည်း မသိရသေးဘူးပေါ့နော်။"

ဖယ်ခုံမြို့နယ်ဘက်မှာ တိုက်ပွဲတွေ မကြာခဏဆိုသလို ကြိုကြား ဖြစ်ပွားတာ ရှိပေမယ့် ဒီရက်ပိုင်းမှာကတော့ နှစ်ဘက်တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့လည်း သူက ပြောပါတယ်။ ဒီလို ပစ်ခတ်မှုတွေ နဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ရွာသူရွာသားတွေ ဘေးလွတ်ရာကို ရှောင်နေ​ရပြီး အချိန်ကြာလာတာနဲ့အမျှ စားရေးသောက်ရေး အခက်အခဲ မျိုးစုံကိုလည်း ရင်ဆိုင်ကြရပါတယ်။ ပစ်ခတ်သံတွေ ငြိမ်သွားတဲ့အခါမျိုးမှာ နေအိမ်တွေကို ပြန်လာကြတာ ရှိသလို၊ အခြေအနေ ဆိုးတဲ့အခါ ဘေးလွတ်ရာ ထပ်မံ တိမ်းရှောင်ကြလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့လပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖယ်ခုံမြို့နယ် အနောက်ခြမ်း စက်တော်ရာ ကျေးရွာဘက်မှာလည်း ခုချိန်ထိ နှစ်ဘက် ပစ်ခတ်သံတွေ ကြားနေရဆဲပဲ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် စစ်ရှောင်တွေ အိမ်မပြန်ရဲကြသေးဘူးလို့ ရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"ရွာထဲမှာတော့ အသံတွေ ကြားနေသေးတယ်ရှင့်။ ပြန်ဖို့ မပြန်ရဲကြဘူးရှင်။ နေ့တိုင်းလိုလို လက်နက်ကြီးရော လက်နက်ငယ်ရောရှင့်။ ဘယ်လိုမျိုးလဲတော့ မပြောတတ်ဘူး။ တောင်ယာသွားတဲ့သူက အသံတွေကြားတယ်တဲ့။ ရွာထဲမှာ အသံတွေကြားတယ်။ လက်နက်ငယ်ရော လက်နက်ကြီးရော။ တိုက်ပွဲ ရှိ မရှိတော့ မသိဘူးပေါ့နော်။ အဲ့လိုမျိုး အသံကြားတော့ တိုက်ပွဲရှိမယ်လို့တော့ ထင်တယ်ရှင့်ဟုတ်။ တောင်စလုံး ကလူတွေလည်း မပြန်ရဲကြသေးဘူး ပြောတယ်ရှင့်။ အဲ့ဒါကလည်း မြေမြှုပ်မိုင်းတွေ မရှင်းသေးလို့ မပြန်ရဲဘူး ပြောတယ်ရှင့်။"

စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် တော်လှန် လှုပ်ရှားမှုတွေ အားကောင်းနေခဲ့တဲ့ ကရင်နီဒေသမှာ ခုနောက်ပိုင်း စစ်ကောင်စီတပ်တွေကလည်း လက်နက်အင်အားနဲ့ စစ်သည် အင်အားတွေ ဖြည့်တင်းလာတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ နေရာအနှံ့ နှစ်ဘက်တိုက်ပွဲတွေ ရှိနေတာနဲ့အမျှ စစ်ပြေးဒုက္ခသည်တွေ သောင်းနဲ့ချီ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

Your browser doesn’t support HTML5

မိုးဗြဲအနီး ၅ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်