တီးတိန်မြို့နယ်တွင်း ZRA နဲ့ CNF တို့ တိုက်ပွဲဖြစ်ပွါး

ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပုန်းအောင်းနေရတဲ့ ဒေသခံအချို့။ (မေ ၂၀၊ ၂၀၂၁)

တီးတိန်မြို့နယ်တွင်း ZRA နဲ့ CNF တို့ တိုက်ပွဲဖြစ်ပွါး

{{Zawgyi/Unicode}}

ချင်းပြည်နယ် တီးတိန်မြို့နယ် အိန္ဒိယနယ်စပ်က Gawsing ဂေါ်စင်းရွာဘက်မှာ ဇိုမီးတော်လှန်ရေးအဖွဲ့ZRAနဲ့ ချင်းအမျိုး သားတပ်ဦးCNF CNAအဖွဲ့တိုအကြား သောကြာနေ့မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ရွာသားတွေထိခိုက်မှုရှိသလို ဘေးလွတ်ရာ တိမ်းရှောင်နေရကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တီးတိန်မြို့နယ်အတွင်း ZRAအဖွဲ့ကနေ နယ်မြေစိုးမိုးမှုလုပ်လာသလို ချင်းတော်လှန်ရေးတပ်ပေါင်းစု တည်ရှိမှုကို နှောက်ယှက်တဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်တာလို့ ချင်းအရေးလေ့လာသူ တွေက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပေးမှာပါ။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်စပ်မှာအခြေစိုက်တဲ့ Zomi Revolutionary Army (ZRA)အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦးCNF တပ်ဖွဲ့တိုအကြား သောကြာနေ့မနက် တီးတိန်နယ်စပ်မှာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ တီးတိန်ဒေသခံတဦး ကပြောပါတယ်။

“ အိန္ဒိယနယ်စပ်ပေါ့ဗျာ။ Gawsing ဂေါ်စင်းလေး။ မလှန်းမဝေးလို့ကြားတယ်။ မနက်ပိုင်း(၃)နာရီကစပြီး(၁၀)နာရီလောက်ကနေ ပစ်ခတ်သံကြားရတယ်တဲ့။’’

ဒီပစ်ခတ်တိုက်ခိုက်မှကနေ နှစ်ဖက်ထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲဖြစ်ပွါးတဲ့တီးတိန်မြို့နယ်ဂေါ်စင်း Gawsing ရွာသားတွေ ထိခိုက်မှုရှိနေတယ်လို့ ဂေါ်စင်းးရွာသားတဦးကပြောပါတယ်။

“ ဒီနေ့မနက်(၃)နာရီလောက်မှာဖြစ်တယ်တဲ့။ ဂေါ်စင်းရွာမှာ CNFနဲ့ ZRA။ ရွာသား(၂)ဦးလဲဒဏ်ရာရတယ်လို့ ပြောတယ်။ ရွာသား(၂)ဦးထိတယ်တဲ့။ အဲဒါ တီးတိန်မြို့ပို့မလားလို့ပြောတယ်။ အခုဂေါ်စင်းရွာမှာတယောက်မှမရှိတော့ဘူး။ အကုန်လုံးထွက်ပြေးကုန်ပြီလို့ပြောတယ်။ ’’

Gawsing ကျေးရွာဟာ တီးတိန်မြို့ကနေ မိုင် ၃၀ လောက်ဝေးပြီး အိန္ဒိယ - မြန်မာနယ်စပ်ဘက်မှာတည်ရှိတဲ့ကျေးရွာ ဖြစ်ပါတယ်။ Zomi Revolutionary Army အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦးCNFအဖွဲ့ဟာ အရင်ကစစ်ရေးပဋိပက္ခဖြစ်တာမရှိပေမဲ့ အခုပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွါးလာတာပါ။ နှစ်ဖက်တိုက်ပွဲဖြစ်ရတဲ့အကြောင်းကိုတော့ ချင်းနိုင်ငံရေးလေ့လာသူ ကိုထောင်က အခုလိုသုံးသပ်ပါတယ်။

“CNFနဲ့ZRAကတော့ ဒီလိုမျိုးပဋိပက္ခဖြစ်ခဲ့တာမရှိခဲ့ဘူးပေါ့နော်။ CNFက တီးတိန်ဘက်က စစ်ကောင်စီတပ်ကိုသွားပစ်တဲ့အခါ ZRAကနေ စစ်ကောင်စီဘက်က ဒီလိုမျိုးပစ်ကူ CNFလာတဲ့ ဘက်ကိုဆော်ထဲ့လိုက်တာ ဆိုတဲ့ပုံစံမျိုးလဲကြားရတာပေါ့နော်။ အခု တီးတိန် နယ်ထဲမှာက ZRAက အခုက ခြေကုတ်ယူလာပြီးတော့ လှုပ်ရှားလာတာ အဲဒီ တီးတိန်နယ်မှာရှိတဲ့ စစ်အာဏာရှင်စံနစ်ကို ခုခံတော်လှန်နေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကို ZRAတွေက သူတို့တပ်စခန်းတွေကိုဖျက်စီးတာ သိမ်းပိုက်တာတွေ အရင်တုန်းက(၃)(၄)ကြိမ်လောက် သူတို့လုပ်ပြီးပြီပေါ့နော်။ အဲဒီလိုလုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဘဲ ချင်းတော်လှန်ရေးတပ်ပေါင်းစုလို့ခေါ်တဲ့ Chinland Joint Defense ကနေ ထုတ်ပြန် ကြေညာချက်ထုတ်ပြီးတော့ ပြင်းပြင်းထန်ထန်သူတို့ကန့်ကွက်တယ်။ သူတို့ZRAကိုပြန်ပြီးတော့ တိုက်ထုတ်မယ်ဆိုပြီးတော့ အဲဒီလောက်အထိ ထုတ်ပြန်ချက်တွေထုတ်ခဲ့တာတွေရှိတာပေါ့ နော်။ အခြေအနေတွေကအဲဒီနောက်ပိုင်းမှာတင်းမာလာတာ။’

ပြီးခဲ့တဲ့ဒီဇင်ဘာ(၅)ရက်နေ့က PDF-Zoland ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Pu Cin Sian Sum ကို ZRAအဖွဲ့ကနေ စစ်ဆေး ခေါ်ယူရာမှာ သေဆုံးမှုဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်အဖွဲ့အကြားမကြေလည်မှုတွေရှိလာခဲ့ပါတယ်။

PDF-Zoland ခေါင်းဆောင်တစ်ဦး လုပ်ကြံခံရမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ချင်းပြည်နယ်ပူးတွဲ ကာကွယ်ရေး ကော်မီတီ CJDC ကနေ ဒီဇင်ဘာ(၁၁)ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွါးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ZRA အဖွဲ့နဲ့ ချင်းအမျိုးသားတပ်မတော် CNF ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဇိုမီးတော်လှန်ရေးတပ်မတော် ZRAကို (၁၉၉၇) ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ဇိုမီးတော်‌လှန်‌ရေးတပ်ဖွဲ့ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ ပြည်နယ်မှာအခြေပြုနေပါတယ်။

အရင် တရက်ကလည်း ပလက်ဝမြို့နယ် ဆမီးမြို့ဘက်မှာလည်း အမည်မသိလက်နက်ကိုင်အဖွဲ့ကနေ စိုးနီကနောင်ကျေးရွာသားတွေကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တယ်လို့ ဆမီးဒေသခံတဦးကပြောပါတယ်။

“ မနေ့ည(၆)နာရီဝန်းကျင်မှာ စိုးနီကနောင်ကလူ(၆)ယောက်ကို ဘယ်အဖွဲ့ကဆိုတောတော့အတည်ပြုလို့မရဘူး။ အရပ်သား ပြည်သူ(၆)ယောက်ကိုသတ်ပစ်ခဲ့တယ်။ ညနေ(၆)နာရီဝန်းကျင်လောက်မှာ သူတို့က သေနတ်နဲ့ဝင်ပြီးမှ အဲဒီလူ(၇)ယောက်ကို ခေါ်သွားတယ်။ (၆)ယောက်ကိုတော့အဲဒီမှာသတ်တယ်။ တယောက်ကတော့သတိပြန်ရလာလို့ သူကဆမီးဆေးရုံမှာဘဲ အခု သူကသတိပြန်ရလာတယ်။ ’’

ရွာသားတွေကိုသတ်ထားတဲ့အဖွဲ့ဆိုတာ ဘယ်အဖွဲ့လို့မသိရသေးပါဘူး။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဆမီးမြို့ တိကုန်းကျေးရွာ ဘက်မှာ ဒေသခံCDFအဖွဲ့ဝင်တွေ ရောက်လာမဲ့သတင်းကြောင့်စစ်ကောင်စီတပ်ဘက်ကနေ သေနတ်ပစ်ဖောက်မှု တွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

အလားတူ မင်းတပ်မြို့နယ်မှာ CDF-Mindat ၊ ယော PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တိုက်ပွဲထပ်မံဖြစ်ပွားပြီး နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတယ်လို့ CDF-Mindat က သတင်းထုတ်ပြန်ပါတယ်။

Your browser doesn’t support HTML5

တီးတိန်မြို့နယ်တွင်း ZRA နဲ့ CNF တို့ တိုက်ပွဲဖြစ်ပွါး

.....................................

{{Unicode}}












