ဥတုရာသီဆိုင်ရာကုလညှိနှိုင်းပွဲ သဘောတူညီမှုရဖို့အပြန်အလှန်ညှိနှိုင်းဆဲ 

အဇာဘိုင်ဂျန် Baku မြို့မှာကျင်းပနေတဲ့ COP29 ရာသီဥတုဆိုင်ရာဆွေးနွေးပွဲ (နိုဝင်ဘာ ၁၆၊ ၂၀၂၄)

သဘောတူညီချက်ရအောင် ဆောင်ရွက်ကြဖို့ ညှိနှိုင်းဆွေးနွေးသူတွေကို တိုက်တွန်းရင်း၊ ကုလသမဂ္ဂ ဥတုရာသီဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို တနင်္လာနေ့က ဆက်လက် ကျင်းပပါတယ်။ တက်ရောက်နေကြတဲ့ အဖွဲ့အားလုံး ဘုံအခြေခံတူညီချက်နဲ့ နီးလာအောင် ရှေ့ကိုလှမ်းနိုင်မှ သဘောတူညီချက် ရရှိနိုင်ပါမယ် လို့ ကုလသမဂ္ဂ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ အလုပ်အမှုဆောင် အတွင်းရေးမှူး Simon Stiell က ပြောပါတယ်။

ဥတုရာသီ ပျက်လာတာကြောင့် နစ်နာမှု လျော်ကြေး ပေးရေး၊ ပြောင်းလဲလာတာနဲ့အညီ တိုင်းပြည်ကို တည်ဆောက်နိုင်ရေး နဲ့ ရုပ်ကြွင်းလောင်စာကနေ သန့်ရှင်းစွမ်းအင် ပြောင်းအသုံးပြုရေးအတွက် ဖွံဖြိုးဆဲနိုင်ငံတွေကို ပေးရမယ့် ငွေကြေးပမာဏကို အငြင်းပွါးနေကြတာပါ။ ဖွံဖြိုးဆဲ နိုင်ငံများ အုပ်စုတစုက အဲဒီပမာဏကို ၁.၃ ထရီလီယံ အဆိုပြုပေမဲ့ ချမ်းသာတဲ့ တိုင်းပြည်တွေကတော့ ဘယ်လောက်ဆိုတာ မပြောသေးပါဘူး။ ကျွမ်းကျင်သူတွေက ၁ ထရီလီယံ ဝန်းကျင်ကို ခန့်မှန်းကြပါတယ်။

ဥတုရာသီဆိုင်ရာ အကျပ်အတည်း အပေါ် အပြုသဘောဆောင် ကတိကဝတ် ပေးကြဖို့ ထိပ်သီး အစည်းအဝေးတက်နေတဲ့ G20 ခေါ် စီးပွါးအင်အားကြီး နိုင်ငံ ၂၀ ကို COP ဥက္ကဋ္ဌ Babayev က တိုက်တွန်းလိုက်ပါတယ်။ တပြိုင်တည်းမှာပဲ ပါရီဆွေးနွေးပွဲ သဘောတူညီချက် နှောင့်နှေး စေခဲ့တဲ့ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန် နဲ့ တူရကီ နိုင်ငံတွေကို COP 29 လှုပ်ရှားသူတွေက ဆန္ဒပြကြပါတယ်။

Your browser doesn’t support HTML5

ဥတုရာသီဆိုင်ရာကုလညှိနှိုင်းပွဲ သဘောတူညီမှုရဖို့အပြန်အလှန်ညှိနှိုင်းဆဲ