(Zawgyi / Unicode)
Corona ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂ ထောင်နီးပါးနဲ့ သေဆုံးသူ ၅၆ ဦး ရှိလာခဲ့ပြီး နောက်မှာတော့ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို ကုသရေးနဲ့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် တနင်္ဂနွေနေ့က ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ပိုပြီး တင်းကျပ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့ကတော့ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဆိုးဆုံးဖြစ်ပွားရာ ဝူဟမ်မြို့မှာ ပိတ်မိနေတဲ့ နိုင်ငံသားတွေကို ကယ်ထုတ်နိုင်ရေး စီစဉ်နေကြပါတယ်။ AFP, CCTV သတင်းတွေကို အခြေခံပြီး မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ဝူဟမ်မြို့မှာ Corona ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေတာနဲ့အတူပဲ ကောလာဟလတွေ မယုံကြဖို့၊ ကောလာဟလတွေ မဖြန့်ကြဖို့၊ နေမကောင်းရင် ဆေးရုံကို အချိန်မီ သွားကြဖို့လည်း အသံချဲ့စက်တွေနဲ့ ဆော်သြနေပါတယ်။ ဆေးရုံသွားလိုတဲ့ လူတွေကို အခမဲ့ ကားမောင်းပေးနေတဲ့ Yin Yu က အခုလို ပြောပါတယ်။
“ဒီမှာ ကားတွေမရှိပါဘူး။ ဒါကြောင့် ကျနော်တို့က လူတွေကို ဆေးရုံပို့ပေးတာ ပြန်ကြိုတာ လုပ်ပေးနေတာပါ။ ပြီးရင် ကျနော်တို့က ပိုးသတ်သန့်စင်ရေး လုပ်မှာပါ။ အားလုံးက အခမဲ့ပါ။”
ဝူဟမ်မြို့တွင်းက အမေရိကန် ကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေနဲ့ မြို့တွင်းမှာ ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနိုင်ရေး လေယာဉ် စီစဉ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ တရုတ်နိုင်ငံ ဝူဟမ်ကနေ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုကို အင်္ဂါနေ့မှာ အဲဒီလေယာဉ် ထွက်မယ့်အကြောင်းလည်း တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသားတွေကို ပေးပို့တဲ့ အီးမေးလ်ထဲမှာ ဖော်ပြထားပါတယ်။ ဝူဟမ်မြို့မှာရှိနေတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေ ထွက်ခွာနိုင်ဖို့ တရုတ်အစိုးရဘက်က ဆောင်ရွက်ပေးမယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ပြင်သစ်အစိုးရ နောက် တရုတ်နိုင်ငံ ဝူဟမ်မှာ လုပ်ငန်းတွေရှိနေတဲ့ ပြင်သစ် ကားထုတ်လုပ်ရေး PSA တို့ကလည်း သူတို့ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ကယ်ထုတ်ရေး စီစဉ်နေတယ်လို့ ပြောဆိုထားပါတယ်။ ဝူဟမ်က သီရိလင်္ကာ နိုင်ငံသားတွေအရေး ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဘေဂျင်းမှာရှိတဲ့ သီရိလင်္ကာသံရုံးက စဉ်းစားသုံးသပ်နေကြောင်းလည်း ပြောဆိုထားပါတယ်။
ဝူဟမ်မြို့မှာ နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံသူ ဆရာမ Erica ကလည်း အခုလို ပြောပါတယ်။
“မြို့ကနေ ထွက်သွားဖို့ လိုတယ်လို့ မထင်ပါဘူး။ အိမ်မှာပဲနေပြီး ဒီအခြေအနေ ကောင်းသွားတဲ့အထိ စောင့်ဖို့ပဲလိုတယ်လို့ ထင်ပါတယ်။”
တရုတ် သိပ္ပံနဲ့နည်းပညာ အကယ်ဒမီက ပညာရှင်တဦးလည်းဖြစ်၊ ကူးစက်ရောဂါ ဖော်ထုတ်ကုသရေးဆိုင်ရာ ဓာတ်ခွဲခန်းရဲ့ ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ Li Lanjuan က တရုတ် CCTV သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ လက်ရှိ Corona ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အခုလို ပြောဆိုခဲ့ပါတယ်။
"အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တယ်ဆိုတာကတော့ အခု ရှင်းရှင်းလင်းလင်း အတည်ပြုထားပါပြီ။ နောက် သွေး၊ မစင်၊ မသန့်ရှင်းတဲ့ ပစ္စည်းတွေကနေတဆင့် ကူးစက်နိုင်လား ဆိုတာကတော့ အတည်မပြုနိုင်သေးပါဘူး။"
Corona ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအနေနဲ့ ရောဂါပျိုးချိန်က ၁၄ ရက်ကျော် ကြာတတ်ပြီး ဒီကာလအတွင်း တခြားသူတွေကို ကူးစက်နိုင်ခြေ ရှိတယ်လို့လည်း ပညာရှင် Li Lanjuan က ပြောပါတယ်။
“ဒီကိစ္စကို ကျမ စစ်ဆေးပြီး ရောဂါပျိုးချိန် ကာလအတွင်းမှာ တခြားသူတွေကို ကူးနိုင်တယ်ဆိုတာကို တွေ့ပါတယ်။ ဒါကြောင့် မကျန်းမမာ ဖြစ်တယ်ဆိုရင် ၁၄ ရက်အတွင်းမှာတော့ ဒီလူတွေကို သီးခြားထားပြီး ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှုအောက်မှာ ထားသင့်ပါတယ်။”
သာမန် ရိုးရိုးဖျားနာတာနဲ့ အခု Corona ဗိုင်းရပ်စ်သစ်ကြောင့် အဆုတ်ရောင် နမိုးနီးယား ဖြစ်တာမှာ ကနဦး ရောဂါလက္ခဏာတွေက ဆင်တူနေတာကြောင့် ဖျားနာတယ်လို့ သံသယရှိရင် Corona ဗိုင်းရပ်စ်ကူးစက်မှု ဟုတ်မဟုတ် ဆိုတာကို ဆေးရုံမှာ စစ်ဆေးတာက ပိုပြီး သင့်တော်ကောင်းမွန်တယ်လို့ ပါမောက္ခ Li က အကြံပြုပါတယ်။
တရုတ်အာဏာပိုင်တို့ဘက်ကတော့ အဆိုးရွားဆုံး ကူးစက်ခံနေရတဲ့ ဝူဟမ်မြို့ရှိရာ Hubei နယ်တွင်း ခရီးသွားလာမှုကို ပိတ်ပင်ထားပါတယ်။ မြို့တော် ဘေဂျင်းမှာ ခရီးဝေး ဘတ်စ်ကားတွေ မြို့ဝင် မြို့ထွက်ကို တနင်္ဂနွေနေ့မှာ စလို့ ပိတ်ပင်ထားပါတယ်။ ပြည်ပထွက်မယ့် တရုတ် ခရီးသွားအဖွဲ့တွေကို တနလာၤနေ့က စလို့ ပိတ်ပင်မှာဖြစ်ပြီး နိုင်ငံတွင်း အလည်အပတ် ခရီးစဉ်တွေကို သောကြာနေ့က စလို့ ရပ်နားထားပြီး ဖြစ်ပါတယ်။
Corona ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် တရုတ်နိုင်ငံတွင်း သေဆုံးသူ ၅၆ ယောက်ထဲမှာ အများစုကတော့ ဝူဟမ်မြို့တည်ရှိရာ Hubei ပြည်နယ်ထဲမှာ ဖြစ်ပါတယ်။ ရှန်ဟိုင်းမှာတော့ တနင်္ဂနွေနေ့က အသက် ၈၈ နှစ်အရွယ် အမျိုးသားတဦး Corona ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ဒါဟာဆိုရင် Hubei နယ် ပြင်ပမှာ ပထဆုံးသော Corona ဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးရမှု ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ နီပေါ၊ ပြင်သစ်၊ သြစတြေးလျနဲ့ ကနေဒါတို့မှာလည်း Corona ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ တွေ့ရှိထားပါတယ်။
----------------------------------------
(Unicode)
Your browser doesn’t support HTML5