စစ်ကောင်စီလုပ်ပေးမယ့်ရွေးကောက်ပွဲ CRPH ကန့်ကွက်

မဲပေးအပြီး မင်တို့ထားသည့်လက်သန်းကို ထောင်ပြနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ နိုဝင်ဘာ ၈၊ ၂၀၂၀။

နိုဝင်ဘာ ၈ ရက် ၂၀၂၀ ခုနှစ် မြန်မာရွေးကောက်ပွဲ ၄ နှစ်ပြည့်ချိန်မှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ ၂၀၂၀ ရွေးကောက်ပွဲ အပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်က လာမယ့် ၂၀၂၅ ခုနှစ်ထဲမှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို တရားမဝင်ဘူးဆိုပြီး ကန့်ကွက်ထားပါတယ်။ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်ပိုင်ခွင့်မရှိကြောင်းပြောပြီး ၂၀၂၀ ခုနှစ် အရပ်သား အစိုးရရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ခံ အမတ်တွေဟာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းစဥ် ကို ဆက်လက်‌ဆောင်ရွက်နေကြောင်းလည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နဲ့ ၂၀၂၁ ခုနှစ် ထဲမှာ ကျင်ပခဲ့တဲ့ (၁၄၂) ကြိမ်မြောက်၊ နိုင်ငံတကာပါလီမန်များညီလာခံ မှုဆောင်ကောင်စီ အစည်းအဝေးက တရားဝင် လက်ခံထားကြောင်းလည်း ဆိုပါတယ်။

CRPH ရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်တပ်ဟာ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြောင်း စွပ်စွဲထားပြီး စစ်ကောင်စီကို ပံ့ပိုးကူညီတာက လက်ရှိပဋိပက္ခကို ပိုမို ကြီးထွားအောင် လုပ်ဆောင်နေတာ ဖြစ်လို့ ဒါကို ပြည်သူ့ ကိုယ်စားလှယ်တွေအနေနဲ့ ဆက်လက် ကန့်ကွက် ဖော်ထုတ် သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အဲဒီကတဆင့် ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လက်နက်ကိုင် ခုခံ ဆန့်ကျင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက အကြမ်းဖက် လုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း မကြာခဏ သတင်းတွေ ထုတ်ပြန်လေ့ရှိပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်း မှားယွင်းမှုနဲ့ မဲမသာမှုတွေ ရှိတယ်ဆိုပြီး စွပ်စွဲချက်နဲ့ အာဏာသိမ်းယူခဲ့တာပါ။ အဲဒီနောက် တနိုင်ငံလုံး အနှံ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က အင်အားသုံး ဖြိုခွင်းအပြီးမှာ လက်နက်ကိုင် ခုခံတော်လှန်မှုတွေ စတင်ခဲ့ပြီး အခုအထိ မြန်မာနိုင်ငံတဝန်း စစ်‌ရေး ပဋိပက္ခတွေ ကျယ်ပြန့်နေတာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေ အပါအဝင် လက်နက်ကိုင် ဆန့်ကျင်မှုတွေကို တိုင်းပြည်တဝန်း ရင်ဆိုင်နေရပြီး စစ်တိုင်းဌာနချုပ်နဲ့ မြို့ကြီးတွေ အပါအဝင် နယ်မြေ ဆုံးရှုံးမှုတွေလည်း ရင်ဆိုင်နေရချိန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ရွေးကောက်ပွဲကို အဓိက အတိုက်အခံအင်အားစုတွေက အတုအယောင် ရွေးကောက်ပွဲအဖြစ် ဆန့်ကျင်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံပေးထားပြီး လတ်တလော အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ် ပြည်ခရီးစဥ်မှာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံက ထောက်ခံ ကြောင်း ကတိပြုခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပြီး လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေး နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့ တပ်မတော်ရဲ့ ကြိုးပမ်းအားထုတ်မှုချက်တွေကို ကျေးဇူးတင်ကြောင်း ပြောတယ်လို့ ဆိုထားပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီလုပ်ပေးမယ့်ရွေးကောက်ပွဲ CRPH ကန့်ကွက်