ရုရှားစစ်သင်္ဘောနဲ့ နျူစွမ်းအင်သုံးရေငုပ်သင်္ဘော ကျူးဘားဆိုက်ရောက် 

ကျူဘားနိုင်ငံ၊ ဟားဗားနားဆိပ်ကမ်းကို ရုရှားရေတပ်စစ်သင်္ဘော Gorshkov ဆိုက်ရောက်လာတာကို စောင့်ကြည့်နေသူများ. (ဇွန် ၁၂၊ ၂၀၂၄)

ရုရှားရေတပ်ရဲ့ ဖရီးဂိတ်စစ်သင်္ဘောတစီးနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစီး ကျူးဘားနိုင်ငံ ဟာဗားနားဆိပ်ကမ်းကို ဗုဒ္ဓဟူးနေ့ (ဇွန် ၁၂ ရက်) က ဆိုက်ရောက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဟာဗားနားဟာ အမေရိကန်ရေတပ်ဆိုင်ရာ လေတပ်အခြေစိုက်စခန်းရှိတဲ့ ဖလော်ရီဒါပြည်နယ် ကီးဝက်စ် (Key West) ကနေ မိုင် ၁၀၀ (၁၆၀ ကီလိုမီတာ) ပဲ ကွာဝေးတာပါ။

ရုရှားသင်္ဘောလေးစင်းဟာ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာ ဒုံးကျည်လက်နက်တွေရဲ့ တိကျမှန်ကန်မှုကို လေ့ကျင့်ပြီးနောက်မှာ ကျူးဘားကို ဗုဒ္ဓဟူးနေ့က ဦးတည်ချဉ်းကပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ထားတာပါ။ ရုရှားရဲ့ လေ့ကျင့်မှုတွေထဲမှာ ရန်သူပစ်မှတ်တွေကို မိုင် ၃၇၀ (ကီလိုမီတာ ၆၀၀) ကျော်အကွာအဝေးကနေ အတိအကျ ချိန်ကိုက် ဒုံးကျည်ပစ်ခတ်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီသင်္ဘောတွေမှာ “Zircon” လို့ခေါ်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေ၊ Kalibr ခရုဇ်ဒုံးပျံတွေနဲ့ “Onyx” သင်္ဘောဖျက်ဒုံးကျည်တွေ သယ်ဆောင်ထားကြောင်း ရုရှားဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်နဲ့ ကျူးဘားနှစ်နိုင်ငံစလုံးက ဒါဟာ ခြိမ်းခြောက်မှုမဟုတ်ဘူးလို့ ထုတ်ပြောထားကြပေမယ့် တဘက်မှာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာ ရုရှားက သူ့ရဲ့အင်အားကို ပြသတာလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြပါတယ်။ ဒီလို ဟာဗားနားဆိပ်ကမ်းမှာ ရုရှားရေတပ် တထောက်နားတာက ကျူးဘားနဲ့ ချစ်ကြည်ရင်းနှီးတဲ့နိုင်ငံတွေက ရေတပ်တပ်ဖွဲ့ဝင် လုပ်လေ့ရှိတဲ့ ထုံးစံအတိုင်းလေ့ကျင့်မှုဖြစ်ပြီး အဲဒီသင်္ဘောတွေမှာ နျူကလီးယားလက်နက်တွေ တပ်ဆောင်ထားခြင်းမရှိသလို ဒေသတွင်းကို ခြိမ်းခြောက်မှု မရှိကြောင်း ကျူးဘားတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။ အမေရိကန်ဘက်ကတော့ ဒီလုပ်ရပ်ကို ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်ပေမယ့် အမေရိကန် ရေတပ်အနေနဲ့ ဒီသင်္ဘောတွေရဲ့လမ်းကြောင်းကို အနီးကပ် စောင့်ကြည့်နေကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ “ရုရှားသင်္ဘောတွေနဲ့ရေငုပ်သင်္ဘောက အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်ခြိမ်းခြောက်တဲ့ အနေအထားမျိုး မတွေ့ရဘူး” လို့ဆိုပါတယ်။

ဒါပေမယ့် ဘိုင်ဒန်အစိုးရအဖွဲ့က ရုရှားရဲ့ကျူးကျော်စစ်ဒဏ်ကို ခုခံနေရတဲ့ ယူကရိန်း အတွက် ဘယ်လို အတိုင်းအတာအထိ ကူညီပေးရမလဲဆိုတာအပေါ် ဆွေးနွေးနေချိန်နဲ့ အခု ရုရှား စစ်သင်္ဘောတွေရဲ့ ခရီးစဥ် အချိန်အခါတိုက်ဆိုင်နေတာက "ထုံးတမ်းစဥ်လာ လုပ်ဆောင်ချက်ထက် ပိုတယ်" လို့ American University က ပါမောက္ခ William Leogrande က သုံးသပ်ပါတယ်။ "လာရောက်လည်ပတ်တဲ့ ရုရှားစစ်သင်္ဘောတွေဟာ ရုရှားအနေနဲ့ အမေရိကန်အပေါ် သူ့ရဲ့သြဇာလွှမ်းမိုးမှုနယ်ပယ် အတွင်းမှာကို စိန်ခေါ်နိုင်တယ်ဆိုတာကို ပြသတဲ့ ပူတင်ရဲ့လုပ်ရပ်" လို့ Leogrande က ပြောပါတယ်။

"Admiral Gorshkov" အမည်နဲ့ ခံ့ညားထည်ဝါလှတဲ့ မီးခိုးရောင် ဖရီးဂိတ်သင်္ဘောနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော "Kazan" ဟာ သူတို့အရင် နံနက်အစောပိုင်းက ကြိုရောက်နေတဲ့ တွန်းသင်္ဘောနဲ့ လောင်စာဆီသင်္ဘောတွေနဲ့အတူ ဆိပ်ကမ်းထဲဝင်လာချိန်မှာ ရုရှားရဲ့ကာလကြာရှည် မဟာမိတ်ဖြစ်တဲ့ကျူးဘားဟာ စစ်သင်္ဘောတွေ ဆိပ်ကမ်းကပ်ချိန်မှာ အမြောက်ပစ်ဖောက် ကြိုဆိုခဲ့ကြပါတယ်။

အခုလို ရုရှားစစ်သင်္ဘောတွေ လာရောက်ချိန်ဟာ ကျူးဘားမှာ ဆယ်စုနှစ်တွေ အတွင်း အဆိုးရွားဆုံးသော လူမှုရေးနဲ့စီးပွားရေး အကျပ်အတည်းဆိုက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အစားအစာ၊ ဆေးဝါးနဲ့ လောင်စာဆီကစပြီး အရာရာ ပြတ်တောက်မှုတွေကြုံနေရပြီး လမ်းတွေပေါ်မှာ လူတွေရဲ့ မကျေနပ်ချက်တွေ တိုးပွားလာနေပါတယ်။

“ဒါဟာ စစ်အေးတိုက်ပွဲရဲ့ ပဲ့တင်ထပ်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပထမစစ်အေးတိုက်ပွဲနဲ့မတူပါဘူး။ အခု အခါမှာတော့ အယူဝါဒအရမဟုတ်ဘဲ စီးပွားရေးအရ လိုအပ်ချက်ကြောင့် ကျူးဘားအပေါ် ရုရှားက ဆွဲဆောင်နိုင်ခဲ့တာပါ” လို့ Leogrande က သုံးသပ်ထားပါတယ်။

ရုရှားဟာ ၁၉၆၂ ခုနှစ် ဆိုဗီယက်ယူနီယံခေတ်တုန်းက ကျူးဘားကို ပဲ့ထိန်းဒုံးကျည်တွေပို့ပေးခဲ့လို့ ကျူးဘားဒုံးကျည်အကျပ်အတည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အခုလက်ရှိမှာလည်း နှစ်နိုင်ငံဆက်ဆံရေး တဖန် ပြန်လည်ခိုင်မာလာနေတာဖြစ်ပြီး ကျူးဘားသမ္မတ Miguel Diaz-Canel က မေလတုန်းက ရုရှားကို စတုတ္ထအကြိမ်မြောက် သွားရောက်လည်ပတ်ခဲ့ပြီး ရုရှား သမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံခဲ့သလို ယူကရိန်းစစ်ပွဲမှာ အနိုင်ရရှိစေဖို့ ဆုတောင်းပေးသလို ရုရှားအနေနဲ့ ကျူးဘားရဲ့ ထောက်ခံမှုကို အမြဲအားကိုးနိုင်ကြောင်း ပြောထားပါတယ်။

Your browser doesn’t support HTML5

ရုရှားစစ်သင်္ဘောနဲ့ နျူစွမ်းအင်သုံးရေငုပ်သင်္ဘော ကျူးဘားဆိုက်ရောက်