တိုကျိုမြို့ကို ဒီကနေ့ ရောက်ရှိသွားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe တို့ သီးသန့် တွေ့ဆုံကြတဲ့အခါ မြန်မာ့ဒီမိုကရေစီရေးနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စတွေ ဆွေးနွေးသွားမယ်လို့ မျှော်လင့်ရကြောင်း လေ့လာသုံးသပ်သူ တွေက ဆိုပါတယ်။ NLD အစိုးရက ရိုဟင်ဂျာအရေး ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်လို့ ဂျပန်အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တချို့က ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြကြမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။
တိုကျိုမြို့မှာ အောက်တိုဘာ ၉ ရက်နေ့ကျင်းပမယ့် (၁၀)ကြိမ်မြောက် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ၆ ရက်ကြာခရီးအဖြစ် သွားရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၅ ရက် ဒီနေ့ ညနေပိုင်းမှာပဲ ဂျပန်နိုင်ငံကို ရောက်ရှိသွားပြီး မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ဂျပန်ရောက် မြန်မာမိသားစုတွေက လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ကြ ပေမယ့် ဂျပန်လုံခြုံရေးက ဒေါ်အောင်ဆန်းစုကြည်ကို အထူးဧည့်သည် ထွက်ပေါက်ကနေ ခေါ်သွားတာကြောင့် မတွေ့လိုက်ရဘူးလို့ တိုကျိုမြန်မာ အသိုင်းအဝိုင်းက VOA ကိုပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆ ရက်ကြာ ဂျပန်ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ့နဲ့ သီးသန့်တွေ့ဆုံဖို့ရှိပြီး၊ အဲဒီလို တွေ့ဆုံတဲ့အခါ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အောင်မြင်စေဖို့နဲ့ ရိုဟင်ဂျာပြသနာ ဖြေရှင်းရေးမှာ NLD အစိုးရကို အကူအညီပေးသွားရေး ကိစ္စတွေ ဆွေးနွေးသွားမယ်လို့ မျှော်လင့်ရကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ တိုကျိုမြို့က ဦးကျော်ကျော်စိုးက ပြောပါတယ်။
“ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ ဂျပန်က အပြည့်အဝ အကူအညီပေးမယ်ဆိုတဲ့ဟာကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေ့က အတည်ပြုပြောမယ်လို့ ကျနော်ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက ဒေသတွင်း ပထဝီနိုင်ငံရေးနဲ့လည်း အများကြီး သက်ဆိုင်မှု ရှိနေလို့ပါ။ တရုတ်ရဲ့ အင်အားကြီးလာမှု အထူးသဖြင့် စစ်ရေးလှုပ်ရှားမှုတွေ တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားနေတဲ့ ကျွန်းကိစ္စတွေမှာ အာဆီယံနိုင်ငံတွေက ဂျပန်ကို အပြည့်အဝနားလည်တယ် အပြည့်ဝ ထောက်ခံတယ်ဆိုတဲ့ အနေအထားမျိုးရောက်အောင် ဂျပန်က ကြိုးပမ်းနေတဲ့အထဲမှာ ဒီအချက်လည်း ပါဝင်ပါတယ်။ နောက် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက မြန်မာအစိုးရ အပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ဖိအားပေးနေတာမျိုးကို ဂျပန်အစိုးရက သိပ်ပြီးသဘောမကျတဲ့ပုံ ရှိပါတယ်။ ဒါကြောင့်မို့သူက တတ်နိုင်သမျှ မြန်မာအစိုးရဘက်ကနေပြီးတော့ ရပ်တည်တဲ့ သဘောမျိုးကို သူပြသထားပါတယ်။”
မြန်မာနိုင်ငံ ကျေးလက်ဒေသမှာ လယ်ယာလုပ်ကိုင်သူ အတော်ရှားပါးတဲ့ ပြဿနာ ကြုံနေရတာကြောင့် ဒါကို ဖြေရှင်းနိုင်ရေးအတွက် ဂျပန်နိုင်ငံ ဖူကူရှီးမားဒေသက လယ်ယာလုပ်ငန်းခွင်ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာဖို့ ရှိပါတယ်။ ဖူးကူရှီးမားက စိုက်ပျိုးရေး ကဏ္ဍမှာ အောင်မြင်မှုရနေတာရှိကြောင်း ဦးကျော်ကျော်စိုးက ရှင်းပြပါတယ်။
“ ဖူကူရှီးမားခရိုင်က Izumi Sakki အီဇုမိဆပ်ကီဆိုတာ မြို့သေးသေးလေးပါပဲ၊ အဲဒီမှာ လူဦးရေကနည်းတယ် စိုက်ပျိုးရေးလုပ်ငန်းက တော်တော်လေး ထိခိုက်မှု ရှိနေတာတွေ့ရတယ်။ ဒါကြောင့်မို့လို့ Vegetable Factory လို့ခေါ်တဲ့ အသီးရွက်တွေ စက်ရုံကနေ ထုတ်တဲ့ အဆင့်ထိ သူတို့ တဖြည်းဖြည်းပြောင်းလဲဖို့ ကြိုးစားနေကြတယ်။ ဒီမှာသူတို့ ဘယ်လိုဖြေရှင်းသလဲဆိုတဲ့ နည်းလမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်က သွားလေ့လာတာမျိုး ဖြစ်နိုင်ပါတယ်။”
ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ တွန်းအားပေးဖို့အတွက် တိုကျိုအခြေစိုက် Amnesty International (AI)အဖွဲ့နဲ့ Human Rights Now တို့ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ အဖွဲ့ခွဲတွေက လာမယ့်တနင်္လာနေ့ကျရင် မြန်မာသံရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြကြဖို့ ရှိသလို၊ အဲဒီလို ဆန္ဒပြ သူတွေကို တန်ပြန် ဆန္ဒပြမယ့်သူတွေလည်းရှိကြောင်း တိုင်းရင်းသားအရေး လှုပ်ရှားနေတဲ့ တိုကျိုမြို့က မိုင်ကျော်ဦးက ပြောပါတယ်။
“ အခုဟာက Amnesty International ရယ်၊ Human Rights Now/ Human Rights Watch ရယ်၊ ဘင်္ဂလီတွေရယ် ပေါင်းပြီးတော့ ဆန္ဒပြမှာကတော့ သေချာတယ်။ သူတို့ပြမယ့်ဘေးမှာ ကျနော်တို့က တန်ပြန်ပြီးတော့မှ.. မဟုတ်မှန်တာတွေကို လက်ရှိအခြေအနေမှန်ကို သိရအောင် ဆန္ဒပြဖို့ ပြင်ထားတယ်၊ Alert လုပ်ထားတယ်ပေါ့။ ”
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး NLD ပါတီအစိုးရ တက်လာပြီးနောက် ၂၀၁၆ မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ့ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး တရားဝင် ချစ်ကြည်ရေးခရီးအဖြစ် ဂျပန်နိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့ပြီး ၂ နိုင်ငံကြား ဖွံ့ဖြိုးရေးဆိုင်ရာ မဟာမိတ်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။
Your browser doesn’t support HTML5