Dawei Watch သတင်းထောက် ၂ ဦးကို ထောင်ဒဏ် နှစ်ရှည်တွေ ချထား

စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့ Dawei Watch သတင်းထောက် ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦး

Dawei Watch အွန်လိုင်းသတင်းဌာနက သတင်းထောက် ၂ ယောက်ကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ဒီနှစ်ဆန်းပိုင်းက ချခဲ့တယ်လို့ Dawei Watch အယ်ဒီတာက ဒီနေ့ပြောကြားလိုက်ပါတယ်။ ကိုမျိုးမြင့်ဦးကို မေလတုန်းက ထောင်ဒဏ်တသက်၊ ကိုအောင်ဆန်းဦးကို ဖေဖော်ဝါရီလတုန်းက ထောင်ဒဏ် အနှစ် ၂၀ ချခဲ့တာဖြစ်တယ်လို့ အယ်ဒီတာကိုကျော်က AFP သတင်းကို ပြောကြားခဲ့တာပါ။

ထောင်ဒဏ်ချခံရတဲ့အကြောင်း အစောပိုင်းထဲက သိပေမဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေးအခြေအနေကြောင့် ခုမှထုတ်ပြောတာ ဖြစ်တယ်လို့ အယ်ဒီတာရဲ့ အပြောကို သတင်းထဲမှာ ဖော်ပြခဲ့ပါတယ်။ မြိတ်မြို့အခြေစိုက် သတင်းထောက် ၂ ယောက်ဟာ ၂၀၂၃ ဒီဇင်ဘာ ၁၁ ရက်က သူတို့နေအိမ်နေကနေ ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။ သူတို့ဖမ်းဆီးခံရပြီး မြိတ်အကျဉ်းထောင်ကို မပို့ခင် ၄ ရက်ကြာ ပြင်းပြင်းထန်ထန် နှိပ်စက်ညှင်းပမ်းခံခဲ့ရတယ်လို့ Dawei Watch ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံရတဲ့ ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့အနေနဲ့ ရှေ့နေငှားခွင့် မရခဲ့သလို တရားရုံးမှာလည်း ကိုယ်တိုင်ခုခံချေပခွင့် မရရှိခဲ့ဘူးလို့ အယ်ဒီတာ ကိုကျော်က ပြောပါတယ်။ Dawei Watch သတင်းထောက်တွေ လွတ်မြောက်ရေးအတွက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ အပါအဝင် သတင်းလွတ်လပ်ခွင့်ဆောင်ရွက်နေတဲ့ အဖွဲ့တွေက တောင်းဆိုထားကြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းထောက် ၆၂ ယောက်ရှိတယ်လို့ နယ်စည်းမထားသတင်းသမားများအဖွဲ့ RSF က ပြောထားပြီး ကမ္ဘာမှာ သတင်းထောက်တွေကို ထောင်အချဆုံး နိုင်ငံစာရင်းထဲမှာ သွင်းထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် ဩဂုတ်လ ၂၁ ရက်ကလည်း အလွတ်တန်းသတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက ကိုထက်မြတ်သူ နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပြခဲ့ကြပါတယ်။