အမေရိကန်ပြည်ထောင်စု၊ Hawaii ပြည်နယ်၊ Maui ကျွန်းမှာလောင်ခဲ့တဲ့ တောမီးကြောင့် သေဆုံးသူအရေအတွက်ဟာ ၉၉ ဦး ရှိသွားပြီဖြစ်ပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေက အသေးစိတ် လိုက်လံ ရှာဖွေမှုတွေ ပြီးဆုံးချိန် လာမယ့် ၁၀ ရက်အတွင်းမှာ သေဆုံးသူအရေအတွက် ၂ ဆ ဖြစ်သွားနိုင်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက မနေ့ တနင်္လာနေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း Maui ကျွန်းမှာ ဖြစ်ခဲ့တဲ့ တောမီးလောင်မှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာစုနှစ်တခုအတွင်း အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံးဖြစ်ပြီး အခုချိန်ထိ အဓိက လောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ Lahaina မြို့ရဲ့ ၄ ပုံတပုံကိုဘဲ ရှာဖွေ စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်သေးတယ်လို့ ဆိုပါတယ်။
မီးလောင်ထားတဲ့ ရာနဲ့ချီတဲ့အိမ်တွေနဲ့ မော်တော်ကားတွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေက အနံ့ခံခွေးတွေနဲ့ လိုက်လံ ရှာဖွေပြီးချိန်မှာ သေဆုံးသူအရေအတွက် ထပ်တိုးလာဖို့ သေချာသလောက်ရှိတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Josh Green က ပြောပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ သမိုင်းဝင် ကမ်းခြေမြို့ဖြစ်တဲ့ Lahaina မြို့ တမြို့လုံးနီးပါး မီးထဲပါသွားခဲ့ပြီး ကြိုတင် သတိပေးမှု လုံးဝ မရှိခဲ့ဘူးလို့ အသက်ရှင်ကျန်ရစ်သူတချို့က ပြောပါတယ်။
မီးအားပြင်းပြီး ပျက်ဆီးမှုကြီးမားလွန်းတာကြောင့် တချို့အလောင်းတွေဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ ခန့်မှန်းလို့မရနိုင်လောက်အောင် ခက်ခဲမှုတွေရှိတယ်လို့ ဆိုပါတယ်။ အခုချိန်ထိ ပြန်တွေ့တဲ့ ၉၉ လောင်းထဲက ၃ ဦးကိုပဲ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ လက်ဗွေကတဆင့် သိရှိနိုင်သေးတယ်လို့ Maui ကျွန်း ရဲမှူးကြီး John Pelletier က ပြောပါတယ်။
Your browser doesn’t support HTML5