ဒိန်းမတ်ရဲ့ COVID-19 ကုသရေးပိုင်း မြန်မာသူနာပြုရဲ့ အတွေ့အကြုံ

COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ဒိန်းမတ်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေမှာ ပါဝင်ခဲ့သူ မြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်။ (မေ ၁၊ ၂၀၂၀။ ဓာတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး)

(Zawgyi / Unicode)

COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ဒိန်းမတ်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေမှာ ပါဝင်ခဲ့သူတဦးအဖြစ် ချီးကျူးခံခဲ့ရတဲ့ မြန်မာသူနာပြုတယောက်ရဲ့ အတွေ့အကြုံနဲ့ စိန်ခေါ်မှုတွေအကြောင်း မဆုမွန် တင်ပြပေးထားပါတယ်။

ဒိန်းမတ်နိုင်ငံ Copenhagen မြို့တော်က Nordsjællands ဆေးရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်ဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ တတပ်တအား ပါဝင်ခဲ့တဲ့ ကျန်းမာရေးလုပ်သားတဦးအဖြစ် မြန်မာနိုင်ငံအခြေစိုက် ဒိန်းမတ်သံရုံးက လူမှုကွန်ရက်ကနေ သူ့ကို ချီးကျူးခဲ့တာပါ။ COVID-19 ကူးစက်သူ တသောင်းနီးပါးအထိ ရှိလာနေတဲ့ ဒိန်းမတ်နိုင်ငံမှာ ရောဂါကူးစက်မှု တိုက်ဖျက်ရေး ကြိုးပမ်းနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍက သူရဲကောင်းတဦး အဖြစ်နဲ့လည်း ဒိန်းမတ်သံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ခွဲစိတ်ဆောင် သူနာပြုတဦးအဖြစ်ကနေ ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ စတင်ပါဝင်လာတဲ့ သူ့အတွေ့အကြုံကိုတော့ ဒေါ်ခိုင်ခိုင်ဦးမြင့်က အခုလို ရှင်းပြပါတယ်။

“ဒိန်းမတ် Nordsjællands ဆေးရုံက Surgical Ward ခွဲစိတ်ဆောင် အဓိက လုပ်ရပါတယ်။ ကမ္ဘာ့ကပ်ရောဂါ COVID-19 စဖြစ်လာတော့ ဆေးရုံကို မဖြစ်မနေ သွားနေရတဲ့ ကျန်းမာရေးဝန်ထမ်းတယောက်အနေနဲ့ ပထမတော့ တော်တော်လေး တုန်လှုပ်မိပါတယ်။ တနေ့တနေ့ ကျမတို့ဆီ ကူးတဲ့နှုန်းတွေ များလာတယ်။ စဖြစ်လာတဲ့အချိန် နောက် ICU - Intensive Care Unit ၉ ယောက်လောက်အထိ Respirator အသက်ရှူစက်တပ်ပြီး နေရတဲ့သူများလာတော့ အမကိုယ်တိုင်လည်း အရမ်းကို လန့်သွားတယ်။ ဒါပေမယ့် ဒီဆေးရုံမှာ ကိုဗစ်နဲ့ပတ်သက်ပြီး စည်းစနစ်တကျ ကြိုပြင်ထားတယ်။ သူတို့ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း အကုန်လိုက်နာကြရတယ်။ စဖြစ်တဲ့ မတ်လဆန်းကတည်းက ဆရာဝန်တွေ ဆရာမတွေကို အကုန်သင်တန်းပေးထားတယ်။ အထူးသဖြင့်ကတော့ ကျန်းမာရေးဝန်ထမ်းတွေမှာ ပိုးမကူးစက်ရအောင် COVID-19 လူနာကို ဘယ်လိုပြုစုရမယ်၊ မိမိကိုယ်တိုင် ဘယ်လိုကာကွယ်ကြရမယ် ဆိုတာရယ် ကိုဗစ်အတွက် အထူးသုံးနေရတဲ့ အဲ့ဒီ့စက်တွေကို ဘယ်လိုမျိုး အသုံးပြုရမယ်ဆိုတာကအစ အကုန်ကြိုတင်ပြင်ဆင်ပေးထားတယ်။ နောက်ပြီး လူတိုင်း ဒီရောဂါနဲ့ပတ်သက်လို့ လိုက်နာရမယ့် စည်းကမ်းတွေ Mask တွေတပ်ထားတယ်၊ လက်အိပ်စွပ်ထားတယ်၊ အဲ့လိုမျိုးနေပြီး တသွေမသိမ်းနေကြတယ်။"

SEE ALSO: COVID-19 ရောဂါလက္ခဏာသစ် ၆ မျိုး အမေရိကန်ထုတ်ပြန်

COVID-19 ကပ်ရောဂါ ကူးစက်မှုတွေနဲ့ သေဆုံးသူတွေထဲ ကျန်းမာရေးဝန်ထမ်းတွေပါ ပါဝင်တဲ့အထိ အန္တရာယ်နဲ့ ကြုံနေကြရတာပါ။ မြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်ကတော့ ရောဂါကူးစက်မှု အန္တရာယ်ကို စိုးရိမ်ပေမယ့် လူနာတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

"အလုပ်ထဲကို ရောက်သွားတဲ့အခါမှာတော့ အဲ့ဒီ့ ပထမ တီဗွီသတင်းတွေကြည့်ပြီး ငါ မနက်ဖြန် ဆေးရုံသွားရမယ်၊ ငါ့မှာများ ကူးလာမလားဆိုတဲ့ အဲ့လိုမျိုးစိတ် ဖြစ်မိတယ်။ ဒါပေမယ့် နောက်ပိုင်းလည်းကျရော စဉ်းစားလိုက်တယ်၊ ကိုယ်ကိုယ်တိုင်က ဒီလိုဖြစ်နေရင် ဆေးရုံရောက်သွားတဲ့အခါမှာ ကိုယ်ကမှမလုပ်ရင် လူနာတွေက ပိုဆိုးမယ်လေဆိုပြီး စိတ်ထဲ နှလုံးသွင်းလိုက်ပြီး ဘုရားစာဆိုပေးတယ်၊ သူတို့ကို ပြုစုစောင့်ရှောက်ရာမှာလည်း အထူးသတိထား စောင့်ရှောက်ပေးတယ်။ အော် နောက်ပိုင်းကျတော့ ငါသတိထားမယ်။ ဖြစ်လာခဲ့ရင်ရော ကိုယ့်ကိုလည်း ကူးနိုင်ခြေရှိတယ်၊ ကူးလာနိုင်တယ်၊ ကူးလာရင်လည်းပဲ သေချာ ကုသမှုကို ခံလိုက်မယ်လို့ စဉ်းစားလိုက်တယ်။ အေးလေ ကံကုန်သွားရင်လည်း မတတ်နိုင်ဘူးပေါ့။ အဲ့တပတ်လောက်ကတော့ Anxiety ဖြစ်တယ်။ အခုတော့ မဖြစ်တော့ဘူး။ လူနာတွေဆီ ရောက်သွားချိန် သူတို့က ကုတင်ပေါ်မှာ ပက်လက်ဖြစ်နေ၊ ကိုယ်က ကျန်းကျန်းမာမာလူက မဖြစ်သင့်ဘူး၊ သူတို့က စိတ်ညစ်နေကြတာ။ လူနာတွေကို အကောင်းဆုံး ပြုစုစောင့်ရှောက်တယ်။ ဒီလိုနဲ့ပဲ အခုချိန်အထိ သွားနေတာပဲ။ အခုက ပုံမှန်ပဲ နေ့စဉ်အလုပ်ဆင်းရတယ်။ အရင်လတွေက ခွင့်တွေယူထားလို့ ရတာတွေရှိတယ်။ ဒါပေမယ့် အခု ကိုဗစ်ကာလမှာတော့ အခု ကျမတို့တွေအကုန်လုံး Standby နေနေကြရပါတယ်။ ဆရာမတယောက် နေမကောင်းဖြစ်လိုက်ပြီဆိုရင် နောက်တယောက်က ချက်ချင်းအစားထိုးနိုင်အောင် အသင့်ပြင်ထားကြပါတယ်။ ကျမတို့ ဆေးဝန်ထမ်းတွေ အားလုံးကလည်း ဒီ ကိုဗစ်ကာလအတွင်းမှာ ဒိန်းမတ်ပြည်သူတွေအတွက် အမြဲစောင့်ရှောက်ပေးနိုင်ဖို့ ပြင်ဆင်ထားကြပါတယ်။"

SEE ALSO: COVID-19 ကန့်သတ်ချက်တွေ ဘယ်လိုလျှော့ပေးသင့်သလဲ

COVID-19 ရောဂါ ကူးစက်မှုကနေ ကာကွယ်ဖို့ ကန့်သတ်ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေးတဲ့ နိုင်ငံတွေထဲမှာ အာရှနိုင်ငံတွေပြီးရင် ဒိန်းမတ်နိုင်ငံဟာ ပထမဆုံးပါ။ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ တနင်္ဂနွေနေ့အထိ ထုတ်ပြန်ချက်အရ ဒိန်းမတ်နိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၈၄ ဦး၊ ကူးစက်သူ ၉၇၀၀ ကျော် ရှိနေပါတယ်။

Your browser doesn’t support HTML5

ဒိန်းမတ်ရဲ့ COVID-19 ကုသရေးပိုင်း မြန်မာသူနာပြုရဲ့ အတွေ့အကြုံ

--------------------------

(Unicode)


(Zawgyi / Unicode)



SEE ALSO: ကိုဗစ်လူနာတွေအတွက် ဈေးသက်သာတဲ့အသက်ရှုစက် လန်ဒန် Imperial ကောလိပ် ထုတ်လုပ်



SEE ALSO: COVID-19 အရေးပေါ်ကုသဖို့ Remdesivir ဆေး အမေရိကန် FDA အကန့်အသတ်နဲ့ ခွင့်ပြု


