အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အဓိကပါဝင်ပတ်သက်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အင်အားစုတွေကို နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံဖို့ ကတိကဝတ်တွေအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Wendy Sherman က မနေ့က NUG အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဖေဖော်ဝါရီ ၁၄ ရက်၊ အင်္ဂါနေ့က တွေ့ဆုံစဉ်မှာ ပြောဆိုပါတယ်။
စစ်ကောင်စီဘက်က ကျုးလွန်တဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို အရေးယူနိုင်ရေးနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာရေး အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းမှုတွေကို NUG ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံခဲ့ချိန်မှာ ဝန်ကြီး Sherman က အလေးအနက် ပြောဆိုခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
I met with @ZinMarAungNUG to demonstrate U.S. support for Burma’s pro-democracy movement, including the NUG, ethnic groups, and civil society. We continue to work to achieve the people of Burma’s aspirations for an inclusive, multiparty democracy. https://t.co/QRsEaujsQ8 pic.twitter.com/o8zcKZQftS
— Wendy R. Sherman (@DeputySecState) February 15, 2023
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်၊ တနင်္လာနေ့ကဘဲ ဝါရှင်တန်မြို့တော်မှာ NUG က နိုင်ငံခြားရေးဌာန ရုံးသစ်ဖွင့်လှစ်ခဲ့ပြီး အခုလို NUG ဆက်သွယ်ရေးရုံး ဖွင့်လှစ်တာကို ကြိုဆိုတဲ့အကြောင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Wendy Sherman ရဲ့ ပြောဆိုချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီရေး စစ်ကောင်စီကို ဖိအားပေးဖို့ ဒေသတွင်းနိုင်ငံတွေ၊ လက်တွဲဘက်နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုအကြား ပူးပေါင်းဆောင်ရွက်နေချိန်မှာ NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ အမေရိကန် အဆင့်မြင့် သံတမန်အရာရှိတွေအကြား ထိတွေ့ဆက်ဆံမှုတွေလည်း ဒီလပိုင်းတွေအတွင်း ခပ်စိပ်စိပ် ပိုများလာတာတွေ့ရပါတယ်။
မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ အားလုံးပါဝင်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေး ကြိုးပမ်းချက်တွေကို ဆက်လက် ထောက်ခံသွားမယ့်အကြောင်း မနေ့က ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Wendy Sherman ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5
[Unicode]