ပြင်ပ ဒေါ်လာ ဝယ်ရောင်းဈေးနှုန်း ဗဟိုဘဏ် သတ်မှတ်
{{Zawgyi/Unicode}}
လိုင်စင်ရ နိုင်ငံခြားငွေလဲလှယ်တဲ့ လုပ်ငန်းတွေအနေနဲ့ အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်ပေးထားတဲ့ ရည်ညွှန်းလဲလှယ်နှုန်းရဲ့ အထက် အောက် ဝ.၅ ရာခိုင်နှုန်း အတွင်းမှာပဲ အရောင်းအဝယ် ပြုလုပ်ရမယ်လို့ ဗဟိုဘဏ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒေါ်လာကို အရောင်းအဝယ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေကတော့ အမေရိကန်ဒေါ်လာနဲ ကျပ်ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က ကြိုတင်ထိန်းကြောင်းထားတာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကိုတော့ ကိုရဲမွန် က ပြောပြပေးမှာပါ။
နိုင်ငံခြားငွေကို တရားဝင်အရောင်းအဝယ် လုပ်ခွင့်ရထားတဲ့ လုပ်ငန်းတွေအနေနဲ့ ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်ပေးထားတဲ့ ရည်ညွှန်းငွေလဲတန်ဖိုးရဲ့ အထက်အောက် ဝ.၅ ရာခိုင်နှုန်းအတွင်းမှာပဲ အရောင်းအဝယ်လုပ်ရမယ်လို့ ဗဟိုဘဏ်က နိုဝင်ဘာ ၉ ရက်ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီညွှန်ကြားချက်ကို နိုဝင်ဘာ ၁၀ ရက်ကစပြီး လိုင်စင်ရငွေလဲလုပ်ငန်းအားလုံးက လိုက်နာရမှာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ဗွီအိုအေကို ပြောပါတယ်။
“ AD လိုင်စင်ရဘဏ်တွေ၊ AD လိုင်စင်ရတဲ့ ဘဏ်မှာရှိတဲ့ money changer တွေ၊ နောက် ကုမ္ပဏီတွေကယူထားတဲ့ money changer တွေ အားလုံးပါပါတယ်။ ထိန်းသိမ်းမှုတခု လုပ်တာပါပဲ။ ဈေးကွက်ထဲမှာ အလွန်အကျွံ မြင့်တက်မားမှုမဖြစ်အောင် အတိုင်းအတာတခုအနေနဲ့ ဒါ limit တခုပေါ့နော်။”
လိုင်စင်ရ ပြင်ပငွေလဲကောင်တာတွေကတော့ ဒါဟာ ဒေါ်လာအလွန်အကျွံ ပြန်မတက်အောင် ဗဟိုဘဏ်ဘက်က လုပ်ဆောင်မှုတခုလို့ မြင်ပါတယ်။ ဒေါ်လာနဲ့ ကျပ်ငွေလဲလှယ်နှုန်း ဈေးကွက်အပြောင်းအလဲကတော့ နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်းမှပဲ ခန့်မှန်းနိုင်လိမ့်မယ်လို့ ငွေလဲလုပ်ငန်းတချို့က ပြောပါတယ်။
“သိတယ်မလား အခုအချိန်မှာ ဒေါ်လာတွေက တအားကို ပြန်တက်နေပြန်တယ်လေ။ ပုံမှန်အနေအထားအရဆိုရင် ဒေါ်လာဈေးတန်းတခုက အဲလောက်ကြီး တက်ခဲ့တာ မဟုတ်ဘူးလေ။ အစ်မအမြင်ကတော့ ဒေါ်လာကို သူတို့( ဗဟိုဘဏ်က) အနေအထားတခုပေါ့နော် ဆွဲထိန်းလိုက်တယ်လို့တော့ ထင်တယ်ရှင့်။”
ရန်ကုန်က ကမ္ဘာ့ရွှေနဲ့ဒေါ်လာဈေးကွက် အကြံပေးလုပ်ငန်းတခုရဲ့ တာဝန်ခံတဦးပြောသွားတာပါ။
ဗဟိုဘဏ်က ပြီးခဲ့တဲ့အောက်တိုဘာလထဲမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀ ကို ထုတ်ရောင်းခဲ့ပါတယ်။ ဒါက ဖေဖော်ဝါရီလ နောက်ပိုင်းမှာ အများဆုံးရောင်းချခဲ့တာပါ။ နိုဝင်ဘာ ၁ရက်မှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နောက်ဆုံးအကြိမ်ထုတ်ရောင်းပြီး ကြားထဲမှာ ထုတ်ရောင်းတာ မရှိသေးပါဘူး။ ဗဟိုဘဏ်က ပုံမှန်ထုတ်ရောင်းနေမယ်ဆိုရင်တော့ ဒေါ်လာဈေးကွက်ကို အတိုင်းအတာတခုအထိ ထိန်းထားနိုင်လိမ့်မယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
“ ဒေါ်လာဈေးကလည်း ထုတ်မရောင်းရင်တော့ ဒီလိုပဲ နည်းနည်းတင်းနေဦးမှာပဲ။ ထုတ်ရောင်းရင် တဖြည်းတဖြည်း ကျသွားမှာပါ။ စနစ်အသစ်ဆိုရင်တော့ ဒီလိုပဲ ဖြစ်တော့ဖြစ်သွားမှာပေါ့ ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးဘူးပေါ့။”
ဒီနေ့ နိုဝင်ဘာ ၉ရက်မှာ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ အမေရိကန်တဒေါ်လာရဲ့ တန်ဖိုးဟာ ၁၇၇၅ ကျပ်ဖြစ်ပါတယ်။ ပြင်ပက ငွေလဲလုပ်ငန်းတွေမှာတော့ တဒေါ်လာကို ၁၉၂၅ ကျပ်ကနေ ၁၉၄၇ ကျပ်ကြားမှာ အရောင်းအဝယ် လုပ်နေကြတာပါ။ မြန်မာ့ရွှေဈေးကတော့ အခေါက်ရွှေ တကျပ်သားကို ၁,၇၉၀,၀၀၀ ကျပ် ဝန်းကျင်ဈေးရှိပါတယ်။
တရုတ်နှစ်သစ်ကူးချိန်ကလည်း နီးကပ်လာတဲ့အတွက် ကမ္ဘာ့ရွှေဈေးကလည်း အမြင့်ပိုင်းမှာ ရှိနေဦးမှာပါ။ ဒီအတောအတွင်း ပြည်တွင်းက ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာဝင်ငွေကို ၁လအတွင်း စာရင်းရှင်းပေးရမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားတာလည်း ရှိတဲ့အတွက် ဈေးကွက်မှာ ဒေါ်လာဝယ်ယူမှုတွေ များလာနိုင်တယ်လို့ ခန့်မှန်းပြီး ဒေါ်လာဈေး တကျော့ပြန် တက်ရိပ်ပြနေတာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5
...................................
{{Covid}}