အမျိုးသမီး သူရဲကောင်းတွေကို ချီးမြှင့်တဲ့ DVF ဆု

Your browser doesn’t support HTML5

လူမှုအသိုင်းအဝိုင်းတွေထဲ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာအောင် အခက်အခဲတွေကြား မကြောက်မရွံ့ ရှေ့ထွက် တိုက်ပွဲ ဝင်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ် ချီးမြှင့်တဲ့ Diane Von Furstenburg - DVF ဆုနဲ့ပတ်သက်လို့ ဒီနှစ် ဆုရှင် တဦးဖြစ်တဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နုကို ဆက်သွယ် မေးမြန်း ထားပါတယ်။
(Zawgyi/Unicode)
ကမ္ဘာတဝှမ်းက လူမှုအသိုင်းအဝိုင်း အသီးသီးမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာအောင် အခက်အခဲတွေကြားက မကြောက်မရွံ့ ရှေ့ထွက် တိုက်ပွဲ ဝင်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ် ချီးမြှင့်တဲ့ ဒီယံ ဗွန် ဖက်စတန်ဘဂ် (Diane Von Furstenburg) DVF ဆုကို ဒီနှစ် ချီးမြှင့်ခံရသူတွေထဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နုလည်း ပါ ပါတယ်။ အမျိုးသမီးတွေကို သီးသန့်ပေးအပ်တဲ့ ဒီဆုကို မဝေေ၀နုနဲ့အတူ ဒီနှစ် ရရှိသူတွေထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ CNN သတင်းဌာနက Clarrisa Ward ၊ နိုင်ငံတကာ ပရဟိတဖွဲ့ကြီးတခုဖြစ်တဲ့ Bill And Melinda Gates Foundation ပူးတွဲ တည်ထောင်သူ Melinda French Gates ၊ လူ့အခွင့်အရေးနဲ့ ရွှေ့ပြောင်းသူတွေအရေး ဆောင်ရွက်သူ ဆီးရီးယား-လက်ဘနွန် နွယ်ဖွား အမျိုးသမီးတဦးနဲ့ ယူဂန်ဒါနိုင်ငံက သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ဆယ်ကျော်သက်တဦးတို့ ချီးမြှင့်ခံရပါတယ်။ ဒီဆုနဲ့ပတ်သက်လို့ ဆုရှင်တဦးဖြစ်တဲ့ မဝေေ၀နုကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

မင်္ဂလာပါ မဝေေ၀နု။ အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးပါ။

“ဟုတ်ကဲ့ပါ အစ်မ။ ကျမကို ဖိတ်ကြားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။”

မဝေေ၀နုက သိပ်မကြာခင်ရက်ပိုင်းကပဲ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ ဒီနှစ်အတွက် Diane Von Furstenburg - DVF ဆုကို အမျိုးသမီး ၅ ဦး ချီးမြှင့်တဲ့အထဲ မဝေေ၀နု လည်း ပါ ပါတယ်။ ဒီဆုကို ချီးမြှင့်တဲ့ နာမည်ကြီး ဖက်ရှင်ဒီဇိုင်း လုပ်ငန်းရှင်လည်းဖြစ်၊ လူ့အခွင့်အရေးနဲ့ ပရဟိတ လုပ်ငန်းတွေ အားပေး ကူညီနေသူလည်း ဖြစ်တဲ့ Diane Von Furstenburg ကတော့ ဒီဆုဟာ လူ့အဖွဲ့အစည်းအတွင်း တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာအောင် ကဏ္ဍအသီးသီးမှာ ရှေ့တန်းက ဦးဆောင် ပါဝင်နေတဲ့ အမျိုးသမီး သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ဆုလို့ ပြောပါတယ်။ ဒီလိုဆု ချီးမြှင့်ခံရတဲ့အတွက် Congratulations ပါ။ အထူး ဂုဏ်ယူပါတယ်။

“ဟုတ်ကဲ့ပါ အစ်မ။”

မဝေေ၀နု ဆိုရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ လူနည်းစု အခွင့်အရေးတွေ အတွက် ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားနေတဲ့ လူငယ်အမျိုးသမီး တယောက်ဖြစ်တယ်။ ဆယ်ကျော်သက်အရွယ်မှာ မိသားစုနဲ့အတူ အကျဉ်းချ ခံခဲ့ရဖူးတယ်။ ကိုယ့်အပေါ် ဒီလို ဖိနှိပ်မှုတွေ ကြုံခဲ့ရေပေမဲ့ နောက်မဆုတ်ဘဲ လူနည်းစုတွေရဲ့ အခွင့်အရေးအတွက်၊ လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ ဆက်ပြီး လှုပ်ရှား ဆောင်ရွက်တဲ့အတွက် ချီးမြှင့်ခံရတယ်လို့ ယေဘုယျအားဖြင့် နားလည်ပါတယ်။ ဒါပေမဲ့ ဒီဆုနဲ့ပတ်သက်ပြီး အများ ပိုပြီး နားလည်အောင် အကျယ်တဝံ့ ရှင်းပြပေးစေချင်ပါတယ်။ ဒီဆုဟာ ဘယ်လိုဆုမျိုးလဲ။ ဒီဆုရဲ့ ထူးခြားချက်က ဘာလို့ ပြောလို့ရပါမလဲ။

“ဟုတ်ကဲ့ပါ အစ်မ။ ခုလို ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီဆုဟာ ဆိုလို့ရှိရင် ဒီဇိုင်နာအမျိုးသမီး (Diane Von Furstenburg) က ဦးစီးပြီးတော့ ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာကျင်းပတဲ့ Women's Forum မှာ ချီးမြှင့်တာဖြစ်ပါတယ်။ ဒီဆုရဲ့ ရွေးချယ်ပုံတွေ ကတော့ အမျိုးသမီးအဖွဲ့အစည်းတွေက နေပြီးတော့ ရွေးချယ်ပေးတာပါ။ အထူးသဖြင့် Vital Voices လို့ခေါ်တဲ့ အမျိုးသမီး အဖွဲ့အစည်းက သူတို့နဲ့ တွဲဖက်လုပ်ဆောင်တဲ့ အမျိုးသမီးတွေ၊ အမျိုးသမီး အဖွဲ့အစည်းတွေကြားထဲမှာမှ ထူးထူးချွန်ချွန် နဲ့ ဒီဆုရဲ့ critiria သတ်မှတ်ချက်တွေနဲ့ ပြည့်မီတဲ့ အမျိုးသမီးတွေကို သူတို့ ရွေးချယ်ပြီး နှစ်စဉ် ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီဆုရဲ့ ထူးခြားချက် ကတော့ သူတို့ ပြောကြားချက်အရ Courage to Fight အခက်အခဲတွေ၊ အတားအဆီးတွေကို ကျော်လွှားပြီးတော့ တိုက်ပွဲဝင်ဖို့ သတ္တိရှိတဲ့ အမျိုးသမီးတွေ၊ နောက်တခါကျတော့ Power to Survive ပေါ့နော်။ ဘယ်လောက်ပဲ ခက်ခဲ ကြမ်းတမ်းနေပါစေ ရှင်သန် ရပ်တည်ဖို့အတွက် စိတ်ခွန်အား ရှိတဲ့အမျိုးသမီးတွေ၊ နောက်တခါကျတော့ Leadership to Inspire အများကို လေးစားအားကျအောင် ဦးဆောင်မှုပေးနိုင်တဲ့ အမျိုးသမီးတွေကို ရွေးချယ် ပေးတဲ့ဆု ဖြစ်ပါတယ်။”

အမျိုးသမီးတွေကိုပဲ သီးသန့် ဂုဏ်ပြု ချီးမြှင့်တဲ့ ဒီဆုကို ဒီနှစ် ၅ ယောက်ပေးတဲ့ အထဲမှာ မဝေေ၀နုကတော့ မြန်မာနိုင်ငံကနေ ရရှိတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ပါတယ်။ ဒီအတွက်ရော ဘယ်လို ခံစားရပါသလဲ။

“ကျမ အနေနဲ့ပြောရမယ် ဆိုလို့ရှိရင် ၂ ပိုင်းပေါ့နော်။ တပိုင်း ကတော့ ကျမတို့လို လူနည်းစု အမျိုးသမီးတွေ ဆိုလို့ရှိရင် ကိုယ့်တိုင်းပြည်မှာပဲ ဖြစ်ဖြစ်၊ လူမှုအသိုင်းအဝိုင်းမှာ အမြဲတမ်း ဖယ်ကြဉ်ခံရပါတယ်။ အသိအမှတ်ပြုခံရဖို့ ဆိုတာ ခက်ခဲပါတယ်။ ဒါပေမဲ့ ခုလို ကမ္ဘာကနေ အသိအမှတ်ပြု ခံရတဲ့ အတွက်ကြောင့်၊ အထူးသဖြင့် ဒီလို အမျိုးသမီး အဖွဲ့အစည်းတွေကနေ ကျမတို့လုပ်တဲ့ အလုပ်တွေကို ဒီ အမျိုးသမီးတွေက အသိအမှတ်ပြုတယ်။ ဂုဏ်ပြုချီးမြှောက်တဲ့ အတွက်ကြောင့် ကျမ အနေနဲ့ အရမ်း ဝမ်းသာရပါတယ်။ ဒုတိယတချက် ကတော့ ကျမတို့မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေ။ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ကျမတို့ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေကို ကမ္ဘာကနေ ပိုမို သိရှိလာပြီး ကျမတို့ မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ အလားအလာတွေ ရှိလာမယ်။ ပိုပြီးတော့ ကူညီလာနိုင်မယ့် အခြေအနေတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ဒီလိုမျိုး celebrities တွေ၊ ဒီဇိုင်နာတွေ၊ အနုပညာရှင်တွေ၊ အနုပညာရှင်အသိုင်းအဝိုင်းက လူတွေက ပိုမိုပြီးတော့ ကျမတို့ကို သိလာတယ်ဆိုရင် ကျမတို့ တိုင်းပြည် အတွက် ကျမတို့ပြည်သူတွေ အတွက် ကောင်းမွန်တယ်လို့ ကျမ ယုံကြည်ပါတယ်ရှင့်။”

ဒီဆုကို နှစ်စဉ် ချီးမြှင့်လာတာ အခုဆိုရင် ၁၂ ကြိမ်မြောက် ရှိပါပြီ။ ဒီဆု ရခဲ့သူတွေထဲမှာ အထင်ကရ အမျိုးသမီးတွေ အများကြီး ပါ ပါတယ်။ ဥပမာ အမေရိကန်ပြည်ထောင်စုက သမ္မတ ကတော်ဟောင်း ဟယ်လာရီကလင်တန်၊ ပြီးခဲ့တဲ့နှစ်ပိုင်းက ကွယ်လွန်သွားခဲ့တဲ့ တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg ၊ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် တို့လည်း ဒီဆုကို ရဖူးပါတယ်။ စောစောက ပြောသလို celebrity တွေ၊ အနုပညာ အသိုင်းအဝိုင်းထဲက ဆိုရင်လည်း အမေရိကန်ပြည်ထောင်စုက ကျော်ကြားတဲ့ ရုပ်သံတင်ဆက်သူ Oprah Winfrey တို့လို လူတွေလည်း ပါ ပါတယ်။ ဒီလို အထင်ကရတွေ ချီးမြှင့်ခံရတဲ့ ဆု၊ အထင်ကရဆု တခု ချီးမြှင့်ခံရတဲ့အတွက် ကိုယ့်အတွက်၊ ကိုယ့်ရဲ့ အလုပ်၊ ကိုယ်တက်ကြွလှုပ်ရှားနေတဲ့ လူမှု အသိုင်းအဝိုင်း အတွက်ရော ဘယ်လို အထောက်အပံ့တွေ ရစေမယ်လို့ ထင်ပါသလဲ။

“အဓိက ကတော့ ဒီလို ဆုချီးမြှင့်ခံရတယ် ဆိုလို့ရှိရင် အထင်ကရဖြစ်တဲ့ ဆုဖြစ်တဲ့အတွက်ကြောင့် ဒီအသိုင်းအဝိုင်းက လူတွေ၊ အရင်ဆုရှင်တွေ ကလည်း ကျမတို့ကို သတိထားမိလာမယ်။ သူတို့အနေနဲ့ ဆိုရင်လည်း ကျမတို့ကို သတိထားမိပြီးတော့၊ ကျမတို့လုပ်တဲ့ အလုပ်တွေကို သတိထားမိပြီးတော့ ဒါ ကျမတို့ရဲ့ အလုပ်တွေကို ကူညီထောက်ပံ့တာမျိုးတွေ ဖြစ်လာနိုင်တယ်ပေါ့။ ကူညီထောက်ပံ့တယ် ဆိုတဲ့နေရာမှာ နည်းပေါင်းစုံနဲ့ ဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်ရေးရာ ပံ့ပိုးပေးတာမျိုးတို့၊ တခြားသောနည်းတွေနဲ့ ပံ့ပိုးပေးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီးတော့ ဒီဆုဟာ ကျမတို့ တက်ကြွလှုပ်ရှားသူတွေ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ပေးတဲ့အခါမှာ ငွေကြေးပါ ပါဝင်တဲ့ဆု တဆု ဖြစ်ပါတယ်။ ဆိုတော့ ကျမတို့ အလုပ်တွေ အတွက်ကို ငွေကြေး ဆုချီးမြှင့်တာလည်း ပါတယ်ပေါ့။ သူက ပုံမှန်အားဖြင့် ဆိုရင်တော့ အမေရိကန် ဒေါ်လာငွေ ၅ သောင်းပေးပါတယ်။ ဒီတခေါက် ထူးခြားချက်ကတော့ ဆုချီးမြှင့်ပွဲ ပြီးသွားတဲ့အခါမှာ ကျမတို့ရဲ့ ဆုကို ဆုပေးတဲ့အဖွဲ့က ၂ ဆတိုး လိုက်ပါတယ်။ ဆိုတော့ စုစုပေါင်း အမေရိကန်ဒေါ်လာ တသိန်း ရမှာဖြစ်ပါတယ်။ ဆိုတော့ ကျမတို့ အဖွဲ့အစည်း အနေနဲ့ ဆိုရင် ဒီဆုငွေက အလုပ် လုပ်ရတဲ့အခါတွေမှာ ပိုပြီးတော့ တွင်ကျယ်လာမယ်။ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်လာနိုင်မယ်။ အဲ့ဒီအတွက်ကြောင့်မိုလို့လည်း ကျမ အနေနဲ့က ဝမ်းမြောက်ပါတယ်ရှင့်။”

ဒီဆုကို ချီးမြှင့်တဲ့ Diane Von Furstenburg ၊ DVF လို့ပဲ အတိုကောက် ပြောကြပါစို့။ သူ ပြောခဲ့တဲ့အထဲမှာ လတ်တလော ကမ္ဘာတဝှမ်းမှာ ကြုံနေရတဲ့ ကိုဗစ်ကပ်ဘေးနဲ့ နောက်ဆက်တွဲ အခြေအနေတွေကြားမှာ အမျိုးသမီးတွေအတွက် ဆုံးရှုံးနစ်နာမှုတွေ ကြီးကြီးမားမား ရှိနေတယ်လို့ ပြောပါတယ်။ အဲ့ဒါက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၅ နှစ်လောက်အထိကို ပြန်ဆုတ်သွားတယ်လို့ သူက ပြောပါတယ်။ ဆိုလိုတာက ကိုဗစ်ကြောင့် အမျိုးသမီးတွေ အလုပ်လက်မဲ့တွေ ဖြစ်ကြရတယ်။ တချိန်တည်းမှာလည်း ကပ်ဘေးနဲ့ တွဲကပ်ပြီးတော့ ဖြစ်လာတဲ့ စီးပွားရေး မပြေလည်မှုတွေ၊ အခက်အခဲတွေကြားမှာ အိမ်တွင်း အကြမ်းဖက်မှုတွေ ပိုများလာတဲ့အခါမှာလည်း အမျိုးသမီးတွေက အများစု ခံစားကြရတယ်။ ဆိုတော့ ဒီလို အခြေအနေတွေကြားမှာ အမျိုးသမီးတွေ အတွက် ဆုံးရှုံးနစ်နာမှုတွေ အများကြီး ဖြစ်တယ်လို့ DVF ကတော့ ဆုပေးပွဲနေ့မှာ ပြောသွားတာ တွေ့လိုက်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာရော အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အခြေအနေတွေ တွေ့ရပါသလဲ။ သူပြောသလိုပဲ ကပ်ဘေးကြားမှာ အမျိုးသမီးတွေရဲ့ ဘဝတွေ ပိုပြီး ခက်ခဲလာတယ် ဆိုရင်ရော ဘယ်လို အခြေအနေတွေ ရှိနေလဲ။ ဘာတွေ မြင်မိပါလဲ။

“ဟုတ်ပါတယ်။ သူပြောတာက ဒါက တကမ္ဘာလုံးကို ခြုံငုံပြီးတော့ ပြောတာပေါ့နော်။ ပြီးတော့ အချက်အလက်တွေအရ သိပ်ကို မှန်ကန်ပါတယ်။ ဒါပေမဲ့ ကျမတို့ မြန်မာပြည်မှာက ပိုဆိုးတာက COVID-19 အပြင်ကို စစ်အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ အခြေအနေဟာ အင်မတန်မှ စိတ်မကောင်းစရာ ဆုတ်ယုတ်လာတာကို တွေ့ရပါတယ်။ ပြောရမယ်ဆိုရင်တော့ ကိုဗစ်ကြောင့်မို့ ထိခိုက်ပြီး အလုပ်အကိုင်တွေ ဆုံးရှုံးတာ၊ ဝင်ငွေတွေ နည်းပါးသွားတာ၊ တခြားသော စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ပိုပြီးတော့ ကြုံတွေ့လာရတာတွေ။ အထူးသဖြင့် မိခင်တွေ၊ ဇနီးမယားတွေ အနေနဲ့ဆိုရင် မိသားစုအရေးအတွက် အခက်အခဲတွေ ကြုံလာရတာတွေ အပြင် အခု အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ ဘဝတွေဟာ လုံခြုံမှုမရှိတော့ဘူး။ အလုပ်တွေ ဆိုလို့ရှိရင်လည်း ပိုပြီးတော့တောင်မှ ထိခိုက်လာတာ မျိုးတွေဖြစ်တယ်။ အင်မတန်မှကို စိတ်မကောင်းစရာ ဆုတ်ယုတ်လာတာကို တွေ့ရတယ်။ အထူးသဖြင့် ခုနကပြောတဲ့ အလုပ်အကိုင် အခက်အခဲတွေ ရှိလာတယ်။ နောက်ပြီးတော့ ဘ၀ လုံခြုံမှုတွေ မရှိတော့ဘူး။ ဘ၀ လုံခြုံမှုတွေ မရှိတော့ဘူးလို့ ပြောတဲ့အခါမှာ ကျမတို့ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ အချိန်မရွေး အသတ်ခံရနိုင်တယ်။ အချိန်မရွေး မုဒိန်းကျင့် ခံရနိုင်တယ် စသဖြင့် အရမ်းဆိုးရွားတဲ့၊ အမျိုးသမီးတွေ အပေါ်မှာတောင်မှ ဒီလို ပစ်မှတ်ထားပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လာတာ မျိုးတွေ တွေ့ရတယ်။ ဥပမာဆိုလို့ရှိရင် - လွန်ခဲ့တဲ့အပတ်က ချင်းပြည်နယ်မှာ ဖြစ်ခဲ့တဲ့ မုဒိန်းကျင့်မှုတွေ၊ စစ်သားတွေက စုပေါင်းပြီး မုဒိန်းကျင့်မှုတွေ။ ရှမ်းမှာ ဖြစ်ပွားခဲ့တဲ့ စုပေါင်း မုဒိန်းကျင့်မှုတွေ။ ဒါမျိုးတွေဟာ ဆိုရင် နေ့တဓူ၀ ဖြစ်နေတာဖြစ်ပါတယ်။ ကျမတို့ မြန်မာပြည်က အမျိုးသမီးတွေရဲ့ အခြေအနေဟာ အင်မတန် စိုးရိမ်စရာ ကောင်းနေပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လဲ ကျမတို့တွေဟာ ကမ္ဘာ့မျက်နှာစာတွေမှာ သူတို့အတွက် အသံပြုပေးနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။”

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်။

“ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။”
===========================
[Unicode]
အမြိုးသမီး သူရဲကောငျးတှကေို ခြီးမွှင့ျတဲ့ DVF ဆု (အမြိုးသမီးကဏ်ဍ)














