အမေရိကန် လွတ်လပ်ရေးနေ့ ပစ်ခတ်မှုကျုးလွန်သူ ပထမဆုံးအကြိမ်ရုံးထုတ်
{{Zawgyi/Unicode}}
Illinois ပြည်နယ် Highland Park မြို့မှာ ဇူလိုင် ၄ ရက် အမေရိကန်လွတ်လပ်ရေးနေ့ အခမ်းအနားပွဲမှာ လူ ၇ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုနဲ့ စွဲချက်တင်ထားတဲ့ သေနတ်သမားကို ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး၊ ပစ်ခတ်မှုကျုးလွန်ကြောင်း ဝန်ခံထားတယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိပါတယ်။
ပစ်ခတ်မှု ကျုးလွန်သူအဖြစ် သံသယနဲ့ ဖမ်းဆီးထားတဲ့ အသက် ၂၁ နှစ်အရွယ် Robert Crimo III ကိုတော့ ထောင်ထဲကနေ ဗွီဒီယိုကတဆင့် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး အာမခံလည်း မပေးပါဘူး။ ရုံးထုတ်ချိန်မှာ Crimo စကားအနည်းငယ်သာပြောပြီး စိတ်ခံစားမှုရှိတဲ့ပုံ မတွေ့ရဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွက် သေနတ်သမားက သီတင်းပတ်နဲ့ချီ ကြိုတင်စီစဉ်ခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ချီတက်ပွဲတလျှောက် လူတွေကို အပေါ်စီးက ပစ်နိုင်အောင် လှေကားသုံးပြီး အဆောက်အအုံခေါင်မိုးပေါ် တက်ခဲ့တာပါ။ ဒီနောက်လူအုပ်ထဲကို သေနတ်နဲ့ အချက် ၇၀ လောက်တွေ့ကရာ ပစ်ခတ်အပြီး အမျိုးသမီးလို ဝတ်စားပြီးမှ ထွက်ပြေးခဲ့တာပါ။ ဒါပေမယ့်လည်း အခင်းဖြစ်ပြီးနာရီပိုင်းအကြာမှာပဲ သူ့ကိုတာဝန်ရှိသူတွေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူကားကိုမောင်းပြီး လွတ်မြောက်နေစဉ် နောက်ထပ် ပစ်ခတ်မှုထပ်ကျုးလွန်ဖို့ ရည်ရွယ်ခဲ့သေးတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
သူရင်ဆိုင်နေရတဲ့ လူသတ်မှု ၇ ခုစလုံးအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ သက်ညှာခွင့်မရဘဲ ထောင်ဒဏ်တသက် ကျခံရနိုင်တယ်လို့ ဒေသခံ Lake ကောင်တီရှေ့နေချုပ် Eric Reinhart ကအင်္ဂါနေ့မှာ ပြောပါတယ်။ ဒီစွဲချက်တွေဟာ Mr Crimo ရင်ဆိုင်ရမယ့်စွဲချက်အတော်များများထဲက ပထမဆုံးစွဲချက်တွေဖြစ်ပြီး ထိခိုက်ခဲ့ရသူတဦးချင်းစီက စွဲချက်ပေါင်း ဒါဇင်နဲ့ချီတိုးလာနိုင်စရာရှိတယ်လို့လည်း ပြောပါတယ်။
Your browser doesn’t support HTML5
070622 Ilionois shooting for WEB.mp3
.......................................................
{{Zawgyi/Unicode}}