မိုးရေကြီးလို့ တာချီလိတ်ရပ်ကွက်တချို့ ရေမြုပ်

ရေလွမ်းနေတဲ့ တာချီလိတ်မြို့ (ယခင်သတင်းဓာတ်ပုံ-ကိုကောင်းခန့်လင်း)

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အနိမ့်ပိုင်း ရပ်ကွက် ၆ ခုလောက်မှာ ရေကြီးရေလျှံနေပြီးစာသင်ကျောင်းတချို့ ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ ရေဘေးဒုက္ခသည် အရေအတွက်လည်း ထောင်နဲ့ချီရှိနေပါတယ်။တာချီလိတ်မြို့ ရေကြီးမှုအခြေအနေ ရန်ကုန်က သတင်းပေးပို့တာကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေနဲ့အတူ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေ မြင့်တက်လာတာ ကြောင့် တာချီလိတ်မြို့အနိမ့်ပိုင်းဖြစ်တဲ့ မကာဟိုခမ်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ဆန်ဆိုင်း (က) ရပ်ကွက်၊ ဆန်ဆိုင်း (ခ) ရပ်ကွက်နဲ့ ပုန်းထိန်ရပ်ကွက် ၆ ခုလောက်က ရေကြီးရေလျှံပြီး ထောင်နဲ့ချီတဲ့ မြို့ခံတွေ ရေဘေးကြုံနေရတယ်လို့ လူမှုကူညီရေးအသင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဗွီအိုအေကို ပြောပါ တယ်။ သြဂုတ်လ ၁၃ ရက် ညပိုင်းက ရေစတင် မြင့်တက်လာပြီးဩဂုတ်လ ၁၄ ရက် နေ့ခင်းပိုင်းအထိ ရေပြန်မကျသေးဘူးလို့ မေတ္တာရှင်လူမှုကူညီရေးအသင်းက ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ ရေက ဆက်လက်ပြီးတော့ တက်နေတုန်းပေါ့နော်။ ဒီနေ့မနက်ခင်းက ပိုများလာ တာပေ့ါ၊ မနေ့ညကနေပြီးတော့ စပြီးတက်တော့ တက်တာပေါ့နော်။ မိုးအပြင်းအထန်ရွာပြီးတော့ ရေတက်တယ်၊ ရပ်ကွက် ၄၊ ၅ ရပ်ကွက်လောက်ပေါ့နော် တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်း၊ ဆန်ဆိုင်း၊ မယ်ခေါင် အဲ့ရပ်ကွက်တွေ မှာ ရေကြီးရေလျှံဖြစ်ကြတယ်ပေါ့။ ကျောင်းတွေကတော့ တာလော့ကျောင်းတကျောင်းတော့ မကာဟိုခမ်းနဲ့ တဆက်တည်း ဖြစ်နေတော့ တာလော့ကျောင်းတော့ ပိတ်ထားရတဲ့အနေအထားရှိတယ်။”

ရေကြီးနေတဲ့ တာလော့ရပ်ကွက်၊ ဆန်ဆိုင်း (က) နဲ့ တချို့ရပ်ကွက်မှာတော့ စာသင်ကျောင်းတွေ ယာယီပိတ်ထား ရတယ်လို့ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လူမှုကူညီရေးအသင်းက ပြောပါတယ်။ ဆန်ဆိုင်း (က) ရပ်ကွက်မှာတော့ ပြောင်းရွှေ့ရတဲ့ အခြေအနေမရှိသေးပေမယ့် မကာဟိုခမ်းရပ်ကွက်ဘက်မှာတော့ ပြောင်းရွှေ့နေကြပြီလို့ ဆန်ဆိုင်း (က) ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ကျနော်တို့ ဆန်ဆိုင်း(က)ကျောင်းတော့ ပိတ်တယ်၊ အထက ဆန်ဆိုင်းကျောင်းတော့ ပိတ်ထားတယ်။ ဗိုလ်ချုပ် လမ်းတလျှောက်မှာတော့ သွားလို့မရဘူး၊ ကားတွေ ဖြတ်သွားဖြတ်လာလို့မရဘူး။ (ရေကြီးတာ) အကုန်လုံးပဲ။ ဆန်ဆိုင်း (ခ)ရော၊ မကာဟိုခမ်းရော၊တာလော့ရော ကျနော်ရပ်ကွက်တော့ အဲ့လောက်ထိမဟုတ်သေးဘူး။ ဒါပေမယ့် မကာဟိုခမ်းရပ်ကွက်တွေတော့ အခုပြောင်းရွှေ့နေတာ တွေ့နေပြီ။”

တာလော့နဲ့ မယ်ခေါင်ရပ်ကွက် အနိမ့်ပိုင်းနေရာတွေမှာတော့ ရေ ၄ ပေ၊ ၅ ပေလောက်အထိ မြင့်တက်လာတယ် လို့ ဆိုပါတယ်။ရေဘေးသင့်ပြည်သူတွေအတွက် ထမင်းထုပ် လိုက်ဝေငှ အကူအညီပေးနေတယ်လို့ မေတ္တာရှင် လူမှုကူညီရေးအသင်းက ဗွီအိုအေကို ပြောပါတယ်။

“သွားလာမှုခက်ခဲတဲ့ အိမ်ထောင်စုတွေကို ကျနော်တို့ ထမင်းထုပ်လေးတွေ ဝေတာတော့ ရှိတယ်။ တကယ်လို့ ပြောင်းရွှေ့ချင်တယ်၊အိမ်ထောင်စုတွေရှိတယ်၊ ပြည်သူတွေ ရှိတယ်ဆိုရင် ကျနော်တို့က နေရာလေးတော့ လုပ်ထားတယ်ပေ့ါနော်၊ အားကစားရုံထဲမှာလုပ်ပေးထားတယ်။ မြေညီထပ်တွေဆိုရင် သူတို့ ရေနဲ့လွတ်ရာ လေးတွေ သူတို့နေကြတာပေါ့။ ကျနော်တို့ ထမင်းထုပ်ဝေတဲ့အချိန်မှာတော့ သူတို့ ထွက်လာပြီးတော့ လာယူကြတာရှိပါတယ်။ ရေဘေးရင်ဆိုင်နေရတဲ့လူတွေတော့ ထမင်းထုပ်ရတဲ့ အနေအထားပေါ့၊၁,၀၀၀ ကျော်လောက်တော့ ရှိမှာပေါ့။ အဲ့ထက်လည်း များရင်များမှာပေါ့ဟုတ်။”

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း တာချီလိတ်မြို့မှာ မိုးများရေကြီးပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်လာတာ ကြောင့် ၂ ရက်လောက်ရေဘေးကြုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအနည်းငယ်ကနေ အားအသင့်သင့်ရှိနေပြီး သြဂုတ် ၁၅ ရက်မနက်ပိုင်းအထိစစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ နေရာ ကျဲကျဲ၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်နဲ့ မန္တလေးတိုင်းမှာတော့ နေရာကွက် မိုးကြီးနိုင်ကြောင်းနဲ့ ရွာရန်ရာနှုန်းပြည့်ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။ နောက် ၂ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ မိုးပိုလာနိုင်တယ်လို့မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

Your browser doesn’t support HTML5

မိုးရေကြီးလို့ တာချီလိတ်ရပ်ကွက်တချို့ ရေမြုပ်