Eleven Media သတင်းထောက်သုံးဦး ဖမ်းဆီးအရေးယူ ထားတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရ နဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ တို့ တွေ့ဆုံခဲ့ရာမှာ သတင်းမီဒီယာကောင်စီဘက်က အမှုအရင် ရုပ်သိမ်းဖို့ ပြောဆို ထားပေမယ့် တိုင်းအစိုးရဘက်က ခုချိန်အထိ တစုံတရာ တိတိကျကျ အကြောင်းပြန်တာ မရှိသေးပါဘူး။ မီဒီယာနဲ့ဖြစ်တဲ့ ကိစ္စကို သတင်းမီဒီယာဥပဒေအတိုင်း တရားစွဲဆို တာမလုပ်သေးပဲ အရင်ဆုံးသတင်းမီဒီယာကောင်စီကိုတိုင်ကြားဖို့ နိုင်ငံတော် သမ္မတက ရန်ကုန်တိုင်းအစိုးရကို ညွှန်ကြားထားပေမယ့်၊ သတင်းထောက်သုံးဦးစလုံး ဖမ်းဆီးခံ ရဆဲရှိသလို သတင်းမီဒီယာကောင်စီနဲ့ လည်း ညှိနှိုင်း အဖြေရှာတာလည်း ဖြစ်မလာသေးပါဘူး။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကို Eleven Media က အကြည်ညိုပျက်အောင် ရေးသားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲု့ပတ်သက်လို့ သတင်းမီဒီယာဥပဒေအတိုင်း သတင်းမီဒီယာကောင်စီ နဲ့ကို တိုင်ကြားညှိနှိုင်းပြီး၊ နောက်ဆုံးအဆင့်ကျမှ တရားစွဲဆို အရေးယူဖို့ နိုင်ငံတော်သမ္မတ က ညွှန်ကြားထားပါတယ်။ ဒီအတွက် ရန်ကုန်တိုင်း အစိုးရနဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီတို့ ဆွေးနွေးမှုတွေ လုပ်တာမှာ လက်ရှိစွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းပြီးမှသာ ညှိနှိုင်းဆောင်ရွက်နိုင်မယ်လို့ သတင်း မီဒီယာ ကောင်စီ က ရန်ကုန်တိုင်းအစိုးရ ကို ပြောကြားထားပါတယ်။ ဒီအပေါ်တိုင်း အစိုးရဘက် က ဘာမှပြန်လည်တုံ့ပြန်တဲ့ တိကျတဲ့ ထုတ်ပြန်မှု မလုပ်သေးပါဘူး။ တွေ့ဆုံမှုဟာ ရက်သတ္တပတ် တပတ်နီးပါး ရှိပါတော့မယ်။ ကောင်စီဘက်က ပြောဆိုချက် အရ တိုင်းအစိုးရ ဘက်က အလဲဗင်းမီဒီယာဘက်ကတောင်းပန်မှ အမှုကိုပြန်ရုပ်သိမ်းမယ် လို့ ဆိုထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တိုင်းအစိုးရဖက် က ခုအချိန်အထိ တရားဝင် ပြန်လည်တုံ့ပြန်တာမျိုး မရှိသေးဘူးလို့
သတင်းမီဒီယာ ကောင်စီဝင် ကိုမြင့်ကျော်က ဗွီအိုအေကို ပြောပါတယ်။
"သောကြာနေ့မှာ တရားဝင်စာနဲ့အမှုရုပ်သိမ်းပြီးမှ ကြားဝင်စေ့စပ်လို့ ရမယ် ဆိုတာပြောပြီးပြီ။ တနင်္လာနေ့အထိဘာမှ အကြောင်း ကြားလာတာ အသိပေးလာတာ မျိုးမရှိဘူး။ သမ္မတပြောသလိုမျိုး ကောင်စီကြားဝင်ရှင်းပေးပါဆိုတာမျိုးက အမှု ရုပ်သိမ်းပေးမှ ရမယ်။ အဲကျမှလုပ်နည်းလုပ်ဟန်အတိုင်းဖြစ်မယ်။ အဲကျမှလုပ်လို့ရလိမ့်မယ်။ အဲလိုမလုပ်ဘဲဆိုရင် လူကိုဖမ်းထားပြီး အပေါ်စီးကနေညှိုနှိုင်းတဲ့ သဘောဖြစ်လိမ့်မယ်"
တိုင်းအစိုးရဘက်က အလဲဗင်းမီဒီယာဘက်ကတောင်းပန်မှ အမှုကိုပြန်ရုပ်သိမ်းမယ်လို့ ဆိုထားတယ်လို့ ဆိုပေမယ့် ဒီအပေါ် အလဲဗင်း မီဒီယာဘက်ကို ဆက်သွယ်မေးမြန်း ရာမှာ Eleven အယ်ဒီတာချုပ်က ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။ ရန်ကုန်တိုင်းအစိုးရအနေနဲ့ သတင်းမီဒီယာကောင်စီကို အရင်ဆုံး မတိုင်ကြားဘဲ သတင်းသမားတွေကို အမှုဖွင့် အရေးယူတာဟာ လုပ်ပုံလုပ်နည်း လွဲမှားနေတယ်လို့ ဝေဖန်မှုတွေရှိနေပြီး ဒီ်မိုကရေစီအစိုးရအဖြစ် ပြောဆိုထားပေမယ့် အာဏာရှင်ဆန်တဲ့ ပုဒ်မတွေနဲ့ အရေးယူမှုတွေ လုပ်လာတဲ့အပေါ်မှာလည်း မီဒီယာတွေကော တက်ကြွလှုပ်ရှားသူတွေဘက်ကပါ ဝေဖန်တာတွေ လုပ်နေ ကြတာတွေလည်းရှိပါတယ်။
သတင်းထောက်သုံးဦးကို ခုလို အရေးယူမှုအပေါ် NLD အမတ်အချို့က သဘော မတွေ့ပါဘူး။ ဒါပေမယ့်လည်း NLD အစိုးရရဲ့ တိုင်းနဲ့ပြည်နယ်အဆင့် အစိုးရအဖွဲ့တွေ အထူးသဖြင့် ရန်ကုန်တိုင်းအစိုးရကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဗဟို သုတေသန လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ပြောပါတယ်။
" မီဒီယာလည်းမဟုတ်အတိုက်အခံအဖွဲ့ဘက်ကမဟုတ်တဲ့ အဖွဲ့ကြီးတခုဖြစ်တယ်။ အမေရိကန် နဲ့တရုတ်မဟုတ်တဲ့ နိုင်ငံတခုဆီကနေ လေ့ကျင့်မှု အပြည့်ရထားတဲ့ အဖွဲ့ဖြစ်တယ်။ နောက်အဖွဲ့ငယ်တွေရှိတယ်။ မဟာမိတ်အဖွဲ့တွေရှိတယ်။ အသုံးချခံတဲ့သူတွေ ရှိနေတယ်။ အဲကနေတဆင့်သတင်းမှားဖြန့်တယ်။ သတင်းမှန်ဆိုလည်းပြည်သူကို အထင်လွဲစေမယ့်ပုံနဲ့ဖြန့်ချီတယ်။ NLD အစိုးရရဲ့ တိုင်းနဲ့ပြည်နယ်အဆင့် အစိုးရအဖွဲ့တွေ အထူးသဖြင့် ရန်ကုန်တိုင်းအစိုးရကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေရှိနေတယ်လိုဒါမျိုးတွေသိလာရလို့ ပြောတာ"
စနစ်တကျ လေ့ကျင့်ထားပြီး ငွေကြေးလည်း တောင့်တင်းတဲ့ အဖွဲ့ဟာ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို အဓိက တိုက်ခိုက်နေတာဖြစ်ပြီး ဒီအတွက် ၄နှစ်နီးပါးလောက်လေ့လာ မှုတွေ လုပ်ထားတာတွေရှိသလို တိကျတဲ့ အဖြေရလဒ်တွေလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်NLD အစိုးရစတက်တုန်းကလည်း ရန်ကုန်တိုင်းအစိုးရနဲ့ အလဲဗင်းမီဒီယာတို့ သတင်းရေးသားမှုနဲ့ပတ်သတ်ပြီးရန်ကုန်တိုင်း အစိုးရကအယ်ဒီတာ ချုပ်နဲ့ ပိုင်ရှင်ဖြစ်သူ တို့ကို အရေးယူခဲ့ဖူးတာရှိပါတယ်။ အဲဒီအချိန်တုန်းကလည်း တိုင်းအစိုးရဘက်က တရားဝင် တောင်းပန်မှ အမှုကျေအေးမယ်လို့ ဆိုခဲ့ဖူးပါတယ်။ အဲဒီတုန်းက အလဲဗင်းမီဒီယာ ဘက်ကတောင်း ပန်ခဲ့တာကြောင့် အမှုဟာ ပြီးစီး သွားခဲ့ တာဖြစ်ပါတယ်။ ဒီတခေါက်ကတော့ ဘယ်လိုဖြစ်လာမလဲ အတိအကျ မသိရသေး ပါဘူး။ လက်ရှိမှာတော့အလဲဗင်းသတင်းထောက်တွေဘက်က အာမခံရဖို့ လျှောက်ထားခဲ့တာကို အာမခံပေးမပေး အောက်တိုဘာ ၂၆ ရက်နေ သောကြာနေ့မှာ အမိန့်ချမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5